ရှစ်လေးလုံးပြတိုက် ဖွင့်လှစ်နိုင်ရန် မြေနေရာကို အစိုးရဆီမှ တောင်းခံသွားမည်

ရှစ်လေးလုံးပြတိုက် ဖွင့်လှစ်နိုင်ရန် မြေနေရာကို အစိုးရဆီမှ တောင်းခံသွားမည်

ရန်ကုန်၊ ဇွန် ၁၀ ။           ။ ရှစ်လေးလုံးပြတိုက်ကို တရားဝင်ဖွင့်လှစ်နိုင်ရန်အတွက် မြေနေရာသတ်မှတ်တာကို လာမယ့် နှစ် ၃၀ ပြည့် ရှစ်လေးလုံးအထိမ်းအမှတ်နေ့မှာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ဦးမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။

အဲ့လို ပြတိုက်နေရာ သတ်မှတ်နိုင်ဖို့အတွက် အစိုးရဆီကို မြေနေရာတောင်းခံသွားမှာဖြစ်တယ်လို့  ဇွန်လ ၁၀ ရက်နေ့၊ ရန်ကုန်မြို့က မဂ္ဂင်ကျောင်းတိုက်မှာပြုလုပ်ခဲ့တဲ့ ၈၈ မျိုးဆက်တွေရဲ့ဆွေးနွေးပွဲမှ သိရတာ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ ပြတိုက် မတည်ဆောက်နိုင်သေးပေမယ့် ပြခန်းလေးတွေလုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

“ ပြတိုက်ရဲ့သဘောကတော့ အခုမှစပြီးတော့ မြေတောင်းရမယ့်သဘောရှိသေးတာ။ အဲ့တာကပြီးခဲ့တဲ့ အနှစ် ၃၀ ကစုဆောင်းထားတဲ့ပစ္စည်းတွေ ပေါ့။ မှတ်တမ်းမှတ်ရာတွေရှိမယ်။ တကယ့် သမိုင်းမှာအရေးပါမယ့် အသုံးအဆောင်တွေရှိမယ်ပေါ့။ အဲဒါတွေကို စုပြီး ပြတိုက်လုပ်မှာ။ အဲ့ဒီနှစ် ၃၀ ပြည့်တဲ့နေ့မှာတော့ အနည်းဆုံးတော့ ပြတိုက်ကို ဒီနေရာမှာသတ်မှတ်တယ်ဆိုတာမျိုးနေရာကို ပြပြီးတော့ ကြေငြာတာတော့လုပ်နိုင်မှာပါ ” လို့ ဦးမင်းကိုနိုင်ကပြောပါတယ်။

ဒီလိုမျိုးပြတိုက်နေရာသတ်မှတ်တာတွေအပြင် အစိုးရနဲ့ ပြည်သူတွေဆီချပြနိုင်ဖို့အတွက် လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းက နိုင်ငံရေးဖြစ်စဉ်တွေကို ခေါင်းစဉ်တွေခွဲပြီးဆွေးနွေးကြမယ်လို့ သိရပါတယ်။

အဲ့လို ဆွေးနွေးလို့ရလာတဲ့တွေ့ရှိချက်တွေကို အစိုးရနဲ့ ပြည်သူတွေသိရှိနိုင်ဖို့ စာတမ်းတစ်စောင် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ မဂ္ဂင်ကျောင်းတိုက်မှာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ မှာတော့ ရှစ်လေးလုံးအထိမ်းအမှတ်ပွဲကျင်းပဖို့ ကော်မတီတွေဖွဲ့တာမျိုးကို ပြုလုပ်ခဲ့တာဖြစ်ပြီး ပြုလုပ်မယ့် နေရာကိုတော့ မဆုံးဖြတ်နိုင်သေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly