ရန်ကုန်မြို့ရေလိုအပ်ချက်အတွက် မြေအောက်ရေမဟုတ်သည့် ရေအရင်းအမြစ်များမှ ထုတ်ယူရန် စီစဉ်နေ

ရန်ကုန်မြို့ရေလိုအပ်ချက်အတွက် မြေအောက်ရေမဟုတ်သည့် ရေအရင်းအမြစ်များမှ ထုတ်ယူရန် စီစဉ်နေ

ဇွန်လ ၁၀ ။              ။ လာမည့် ၂၀၄၀ ခုနှစ် ရန်ကုန်မြို့၏ ရေလိုအပ်ချက်အတွက် မြေအောက်ရေမဟုတ်သည့် ရေအရင်းအမြစ်များမှ ထုတ်ယူသွားရန် စီစဉ်ထားကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီမှ  အကြံပေးအဖွဲ့ဝင် ဦးဗစ်တာက ပြောသည်။

ဇွန်လ ၁၀ ရက်နေ့ ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင်ပြုလုပ်သော ပြည်သူ့အတွက် ဟောပြောပွဲတွင် ယင်းကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့က မြေအောက်ရေအလွန်အကျွံထုတ်ယူသုံးစွဲလို့ရှိရင် နောင်တစ်ချိန်ကျရင် ကျွန်တော်တို့ရဲ့ မြေပြင် နိမ့်ဆင်းသွားနိုင်ပါတယ်။ ဘာလို့လဲဆို အောက်ကရေလျော့သွားလို့။ နောက်တစ်ခုက ကျွန်တော်တို့က ပင်လယ်နဲ့နီးတဲ့အတွက် ရေငန်ဓာတ်တိုးဝင်မှုဟာ ပိုပြီးတော့များလာနိုင်ပါတယ်" ဟု အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီမှ အကြံပေးအဖွဲ့ဝင် ဦးဗစ်တာက ပြောသည်။

လာမည့် ၂၀၄၀ ခုနှစ်တွင် ရန်ကုန်မြို့တွင် လူဦးရေ ၁၀ သန်းခန့် ရှိလာနိုင်ပြီး ရေလိုအပ်ချက် ဂါလန်သန်း ၅၂၀ ရှိလာနိုင်ကြောင်း ရေအရင်းအမြစ်ကော်မတီမှ ခန့်မှန်းထားသည်။

ရေအရင်းအမြစ်ကော်မတီမှ JICA ၏ အကူအညီဖြင့် ၂၀၄၀ ခုနှစ် ရန်ကုန်မြို့၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် မြေအောက်ရေမဟုတ်သည့် ရေအရင်းအမြစ်များကို သိုလှောင်ထားရှိနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

လက်ရှိတွင် ရေလှောင်ကန်သုံးခုအပြင် ငမိုးရိပ်ရေလှောင်ကန်မှ ဂါလန် ၉၀ သန်းမှ ၁၃၅ သန်းအထိ တိုးချဲ့ရန်၊ ကုက္ကိုဝမြစ်မှ ရေဂါလန် ၁၂၀ သန်း၊ တိုးမြစ်မှ ရေဂါလန် သန်း ၆၀၊ ပန်းလှိုင်မြစ်မှ ရေဂါလန် သန်း ၆၀၊ လောင်းပြင်မှ ရေဂါလန် ၄၀ သန်း ရရှိနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

ထို့အပြင် ကုက္ကိုဝမြစ်၊ တိုးမြစ်၊ ပန်းလှိုင်မြစ် စသည့် မြစ်သုံးခုကို ထပ်မံတိုးမြှင့်ကာ ရေဂါလန် ၁၅၅ သန်း ရရှိနိုင်ရန် စီစဉ်ထားသဖြင့် စုစုပေါင်း ရေဂါလန် ၆၂၀ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်ဟု ထပ်မံသိရသည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း ၁,၅၈၂,၉၄၄ စု ရှိသည့်အနက် ၈၀၉,၁၂၀ အိမ်ထောင်စုမှာ သုံးရေအတွက် အဝီစိတွင်းရေကို အသုံးပြုနေကြကာ လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ အဝီစိရေတွင်းများမှ ရရှိလာသည့် ရေအရည်အသွေးကျဆင်းနေသည်။

ထိုသို့ ရေအရင်းအမြစ်များ စုဆောင်းရုံသာမက မြေအောက်ရေကို ပြန်လည်ဖြည့်တင်းရန် ရေပြန်စိမ့်ဝင် နိုင်ရေးအတွက် ရန်ကုန်မြို့အနေအထားအရ အခက်အခဲများ ရှိသည်ဟု ရေအရင်းအမြစ် ကော်မတီမှ အကြံပေးအဖွဲ့ဝင်က ဆိုသည်။

"ဒီ Ground water ကို ပြန်ပြီး Charge လုပ်ဖို့အတွက် အဓိက က မိုးရေ၊ အဲဒီမိုးရေကိုကျွန်တော်တို့က လှောင်နိုင်မယ့်ကန် လိုပါတယ်။ ဒါမှမဟုတ်ရင် မိုးရေပြန်ပြီးစိမ့်ဝင်နိုင်မယ့်နေရာတွေ အဲဒီဟာတွေကလည်းပဲ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာက ကြည့်လိုက်ရင်ကတ္တရာလမ်းတွေရှိမယ်၊ ကွန်ကရစ်လမ်းတွေ ရှိမယ်။ ကွန်ကရစ်အဆောက်အဦတွေရှိတယ်။ အဲဒီတော့ရေပြန်ပြီး စိမ့်ဝင်နိုင်မယ့် အခြေအနေမျိုးမပေးတာ လက်ရှိအခြေအနေမှာ တွေ့ရမှာဖြစ်ပါတယ်" ဟု ဦးဗစ်တာက ဆက်ပြောသည်။

၂၀၁၈ ခုနှစ်အထိ ရန်ကုန်မြို့ လူဦးရေ ရ သန်းကျော် ရှိပြီး ၂၀၁၆ ခုနှစ် စာရင်းအရ ဂျိုးဖြူရေလှောင်ကန်မှ ရေဂါလန် ၂၇ သန်း၊ ဖြူးကြီးရေလှောင်ကန်မှ ရေဂါလန် ၅၄ သန်း၊ လှော်ကားရေလှောင်ကန်မှ ရေဂါလန် ၁၄ သန်း၊ ငမိုးရိပ်ရေလှောင်ကန်မှ ရေဂါလန် ၉၀ သန်း၊ မြေအောက်ရေမှ ရေဂါလန် ၈သန်း၊ စုစုပေါင်း ရေဂါလန် ၁၉၃ သန်းကို ကို ရန်ကုန်တိုင်းဒေသကြီးအတွက် ရေဖြန့်ဖြူးရာတွင် အသုံးပြုနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly