မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်း တရုတ်လေကြောင်းလိုင်းနှင့် စင်္ကာပူသို့ရောက်ရှိ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်း တရုတ်လေကြောင်းလိုင်းနှင့် စင်္ကာပူသို့ရောက်ရှိ

စင်္ကာပူ၊ ဇွန် ၁၀ ။           ။ လာမည့်အင်္ဂါနေ့တွင်ကျင်းပမည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် သူ၏ထိပ်သီးစည်းဝေးပွဲကို တက်ရောက် ရန်အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်းသည် တနင်္ဂနွေနေ့ နေ့လည်တွင် တရုတ်လေကြောင်း လိုင်းမှ လေယာဉ်နှင့် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

တရုတ်လေကြောင်းလိုင်းပိုင် ဘိုးအင်း ရ၄၇ လေယာဉ်ပျံကြီးသည် ဒေသစံတော်ချိန် နေ့လည် ၂း၃၅ နာရီခန့် တွင် လေဆိပ်သို့ဆင်းသက်လာပြီး ကင်မ်ဂျံုအမ်းသည် ချန်ဂီလေဆိပ်၏ VIP ဂိတ်ပေါက်မှတဆင့် ထွက်ခွာကာ ဒေသတွင်းရဲတပ်ဖွဲ့မှ ဆိုင်ကယ်များအပါအဝင် ယာဉ်အစီး ၃၀ ခန့်သည် သူတည်းခိုမည့်နေရာသို့သွားသော လမ်းကြောင်းတစ်လျှောက် လိုက်ပါစောင့်ကြပ်ပေးခဲ့ကြသည်။

ကင်မ်ဂျံုအမ်းနှင့် သူ၏အဖွဲ့သည် စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း စိန့်ရက်ဂျစ်ဟော်တယ်၌ တည်းခိုမည် ဖြစ်ကြောင်း သိရသည်။

တရုတ်လေကြောင်းလိုင်းမှ ဘိုးအင်းလေယာဉ်ကြီးသည် ကင်မ်၏ အရာရှိများနှင့် အထောက်အပံ့ပစ္စည်းများကို သယ်ဆောင်လာခဲ့သော လေယာဉ် ၃ စင်းထဲမှ တစ်စင်းဖြစ်သည်။ နောက်ထပ်လေယာဉ်တစ်စင်းမှာ ရုရှားလုပ် ကုန်တင်လေယာဉ်ဖြစ်ပြီး ကင်မ်အတွက် အစားအသောက်များ၊ ယာဉ်များနှင့် တရားဝင်ခွင့်ပြုထားသော လက်နက်များကို သယ်ဆောင်လာကြောင်း သိရသည်။

မြောက်ကိုရီးယားမှ တနင်္ဂနွေနေ့တွင်ထွက်ခွာလာသော လေယာဉ် ၃ စင်းထဲမှ နောက်ဆုံးတစ်စင်းမှာ အီလ်ယူရှင် IL-62 ဖြစ်ပြီး မြောက်ကိုရီးယားမှ မနက် ၁၀ နာရီဝန်းကျင်တွင် ထွက်ခွာလာခဲ့သည်။

ကင်မ်သည် တနင်္ဂနွေနေ့အနှောင်းပိုင်းတွင် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့်အတူ တွေ့ဆုံမည်ဟု သိရသည်။

ကင်မ်၏ ကုန်တင်လေယာဉ်ထဲတွင် မာစီးဒီးစ် Benz ကဲ့သို့သော တန်ဖိုးကြီးဇိမ်ခံကားများပါ၀င်ပြီး  ကင်မ်အနေ ဖြင့် စင်္ကာပူသို့ရောက်ရှိနေပြီးသား BMW 7 Series ကို စီးနင်းမည်ဟု ယူဆရကာ ကင်မ်၏ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ထဲ၌ သူ၏ကိုယ်ရံတော်များအပါအဝင် အစိုးရအရာရှိ ၁၀၀ ခန့် ပါ၀င်ကြောင်း သိရသည်။

တစ်ဆက်တည်းတွင် သမ္မတထရမ့်သည် အစည်းအဝေးပွဲကျင်းပမည့်နေရာသို့ စင်္ကာပူရဲတပ်ဖွဲ့မှ ထောက်ပ့ံ ပေးထားသော ယာဉ်များအပါအဝင် ယာဉ် ၅၀ ခန့်နှင့်အတူ လာရောက်မည်ဟုသိရပြီး ယာဉ်တန်း၏ အလယ် တွင်မူ ပေါက်ကွဲမှုများနှင့် ဓာတုတိုက်ခိုက်မှုများ၏ဒဏ်ကို ခံနိုင်ရည်ရှိသော သူ၏ နာမည်ကျော် The Beast ဆိုသည့် ကားကြီးနှင့်အတူ လိုက်ပါလာမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly