ဂျီ ရ ပူးတွဲထုတ်ပြန်ချက်ကို ထောက်ခံချက်ပေးဖို့ ထရမ့် ပယ်ချ

ဂျီ ရ ပူးတွဲထုတ်ပြန်ချက်ကို ထောက်ခံချက်ပေးဖို့ ထရမ့် ပယ်ချ

ကွေဘတ်စီးတီး၊ ကွေဘတ်၊ ကနေဒါ၊ ဇွန် ၁၀၊ ။          ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကနေဒါနိုင်ငံ၌ စနေနေ့ကကျင်းပပြီးစီးခဲ့သော ဂျီ ရ ထိပ်သီးစည်းဝေးပွဲ ၏ ပူးတွဲထုတ်ပြန်ချက်ကို ထောက်ခံချက်ပေးဖို့ ငြင်းဆန်ပယ်ချခဲ့ပြီး စည်းဝေးပွဲ၏ဥက္ကဌဖြစ်သော ကနေဒါ၀န်ကြီး ချုပ် ဂျက်စတင်ထရူဒိုသည် ရိုးသားဖြောင့်မတ်မှုမရှိကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

“ဂျက်စတင်ရဲ့ သတင်းစာရှင်းလင်းပွဲက သူ့ရဲ့မှားယွင်းတဲ့ထုတ်ပြန်ချက်နဲ့ပက်သက်လို့ ပြောရမယ်ဆိုရင်တော့ ကနေဒါနိုင်ငံဟာ ကျုပ်တို့ရဲ့အမေရိကန်လယ်သမားတွေ၊ အလုပ်သမားတွေနဲ့ ကုမ္ပဏီတွေအပေါ် ကြီးမားတဲ့ အခွန်စည်းကြပ်ကောက်ခံမှုကို လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ပူးတွဲထုတ်ပြန်ချက်ကို ထောက်ခံ ချက်မပေးဖို့ ကျုပ်တို့ရဲ့အမေရိကန်အရာရှိတွေကို ညွှန်ကြားထားပါတယ်” ဟု ထရမ့်က စင်္ကာပူသို့ အဲဖို့စ်ဝမ်း လေယာဉ်ကြီးနှင့် သွားရောက်နေစဉ် သူ၏တွစ်တာပေါ်၌ ရေးသားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်းနှင့်အတူ စင်္ကာပူနိုင်ငံတွင် သမိုင်းဝင်တွေ့ဆုံပွဲပြုလုပ်မည့် ထရမ့် က သူ၏အစိုးရအဖွဲ့သည် အမေရိကန်စျေးကွက်အတွင်းသို့   ပြည်ပကားများလှိမ့်ဝင်လာမှုအတွက်လည်း အခွန် ကောက်ခံဖို့ အချိန်ယူစဉ်းစားနေကြောင်း ဆက်လက်ပြောဆိုခဲ့သည်။ ယင်းသို့ အခွန်ကောက်ခံမှုသည် မော်တော်ကားများထုတ်လုပ်နေသည့် အခြား ဂျီ ရ အဖွဲ့ဝင်ဖြစ်သည့် ဂျာမနီနိုင်ငံကို ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ထရမ့်က ကနေဒါ၀န်ကြီးချုပ်ထရူဒိုသည် ပူးတွဲကြေညာချက်နှင့်ပက်သက်၍ သတင်းစာရှင်းလင်းပွဲ ပြု လုပ်စဉ်တွင် မခုတ်တတ်သောကြောင်လေးလို သရုပ်ဆောင်နေခဲ့ကြောင်း စိတ်ဆိုးမာန်ဆိုးဖြင့် ပြောဆိုခဲ့သည်။

နောက်ဆုံးအနေဖြင့် ထရမ့်က ကနေဒါနိုင်ငံ၏ သံမဏိနှင့် အလူမီနီယံကုန်များအပေါ် အမေရိကန်ဘက်မှ သွင်းကုန်အခွန်ကောက်ခံခြင်းသည် အမေရိကန်တို့၏ နို့ထွက်ပစ္စည်းပို့ကုန်များအပေါ် ကနေဒါဘက်မှ သွင်းကုန် အခွန်ကောက်ခံခြင်းကို တု့ံပြန်သည့်အနေဖြင့် ပြဌာန်းကောက်ခံခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly