ဂါဇာဆန္ဒပြမှုများတွင် အစ္စရေးတပ်ဖွဲ့ ပစ်ခတ်၍ ပါလက်စတိုင်း သုံးဦး သေဆုံး

ဂါဇာဆန္ဒပြမှုများတွင် အစ္စရေးတပ်ဖွဲ့ ပစ်ခတ်၍ ပါလက်စတိုင်း သုံးဦး သေဆုံး

ဂါဇာစီးတီး၊ ဇွန် ၉ ။                  ။ ဂါဇာက ဆန္ဒပြမှုများတွင် အစ္စရေးစစ်တပ်ပစ်ခတ်ခြင်းကြောင့် ဇွန် ၉ ရက်တွင် ပါလက်စတိုင်း သုံးဦး သေဆုံးပြိး ဂျာနယ်လစ်နှစ်ဦးအပါအဝင် လူပေါင်း ၁၁၇ ဦး ထိခိုက်ဒဏ်ရာရကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

သေဆုံးသူများတွင် အငယ်ဆုံးအဖြစ် အသက် ၁၅ နှစ်အရွယ် ဟိုက်သမ်းဂျာမဲလ်သည် ဂါဇာတောင်ပိုင်း ခန်ယုနစ်အရပ်တွင် ပစ်ခတ်ခံရကာ သေဆုံးခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ အက်ရှာရတ်ဖ်ကီဒရာက ပြောသည်။

ခန်ယုနစ်အရပ်မှာပင် အသက် ၂၄ နှစ်အရွယ် ဇီယက်ဘာရမ်းနှင့် ဂျာဘာလီယာအရပ်တွင် အသက် ၂၆ နှစ်အရွယ် အီမတ်ဒါရာဘစ်ရှ်တို့ သေဆုံးကြောင်း သိရသည်။

သေနတ်ထိမှန်သူပေါင်း ၁၁၇ ဦးအပြင် ဗုံးဆန်၊ အမြောက်ဆန် မှန်သူ ၂၁ ဦး၊ မျက်ရည်ယိုဗုံး ထိမှန်သူ ၅၆ ဦးနှင့် မျက်ရည်ယိုဓာတ်ငွေ့ ရှုရှိုက်မိကာ ဝေဒနာခံစားရသူ ၆၀ တို့ကိုလည်း ကျန်းမာရေးအလုပ်သမားက ကုသလပေးနေရသည်။

ဒဏ်ရာရသည့် ဂျာနယ်လစ်နှစ်ဦးမှာ အေအက်ဖ်ပီသတင်းထောက် မိုဟာမတ်ဘာဘာက ခြေထောက်ကို သေနတ်မှန်ပြီး ဟားမတ်စ်နှင့် နွယ်သော အယ်အကာဆာရုပ်သံသတင်းမှ အမည်မသိ ကင်မရာမင်းက ဓာတ်ငွေ့ဗုံးထိမှန်ခြင်း ဖြစ်ကြောင်း ကီဒရာက ပြောသည်။

မတ်လအတွင်းမှ စတင်ခဲ့သည့် ပါကလက်စတိုင်း ၁၂၀ ကျော် သေဆုံးခဲ့သော ပြန်လည်စုရုံးချီတက်မှုကြီး၏ အစိတ်အပိုင်းအဖြစ် ဇွန် ၈ ရက်က ဂျေရုဆလင်သို့ လူတစ်သန်း ချီတက်ခြင်းဟု အမည်ပေးထားသည့် ဆန္ဒပြမှုကို ပါလက်စတိုင်းတို့က ဆင်နွှဲကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly