အဆုံးသတ် ဂိုးသွင်းသေချာရန် အဓိက လိုအပ်ဟု မိုဗစ် သုံးသပ်

အဆုံးသတ် ဂိုးသွင်းသေချာရန် အဓိက လိုအပ်ဟု မိုဗစ် သုံးသပ်
လေ့ကျင့်ရေးကွင်း၌ ကစားသမားများအား ညွှန်ကြားနေသည့် နည်းပြမိုဗစ်အား တွေ့ရစဉ်။ ဓာတ်ပုံ- MFF

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် သုံးပွဲမြောက် ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းမှာ အဆုံးသတ် ဂိုးသွင်းသေချာရန် အဓိကလိုအပ်သည်ဟု မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အီဗရာမိုဗစ်က ယူအေအီးအသင်းနှင့် ခြေစမ်းပွဲအပြီးတွင် သုံးသပ်သည်။

မြန်မာအသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲကြို ပြင်ဆင်မှုအဖြစ် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်တွင် ယူအေအီးအသင်းနှင့် ခြေစမ်းကစားခဲ့ရာ အပိုင်ဂိုးသွင်းခွင့်များ ဆုံးရှုံးခဲ့ပြီး ယူအေအီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ကပ်ရှုံးနိမ့်ခဲ့သည်။

" ယူအေအီးနဲ့ ကစားသွားတဲ့ပွဲမှာ ကျွန်တော်တို့အသင်း အပိုင်ဂိုးသွင်းခွင့် ၃-၄ ကြိမ်လောက် ရတယ်။ ကစားသမားတွေအနေနဲ့ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချသင့်တာ အသုံးမချနိုင်ခဲ့ဘူး။ ပွဲကို အပြည့်အဝ အာရုံစိုက်ဖို့ လိုတယ်။ ကူဝိတ်နဲ့ပွဲမှာ အဆုံးသတ် ဂိုးသွင်းသေချာဖို့ လိုတယ်။ ရတဲ့အခွင့်အရေး ရသလို အသုံးချ ဂိုးသွင်းတတ်ဖို့ လိုပါတယ်။ ကစားသမားတွေ ဒီနေ့ကြိုးစားအားထုတ်မှုကို အားရပါတယ်။ လာမယ့် ကူဝိတ်နဲ့ပွဲ အတွက်တော့ အကောင်းဆုံး ကြိုးစားပြင်ဆင်သွားမှာပါ " ဟု အီဗရာမိုဗစ်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်အဖြစ် နှစ်ပွဲ ယှဉ်ပြိုင်ကစား ထားပြီး တစ်ပွဲသရေ တစ်ပွဲရှုံးရလဒ်ဖြင့် တစ်မှတ်သာ ရရှိထားသည်။ မြန်မာအသင်းသည် လာမည့် စက်တင်ဘာ ၃ ရက်တွင် အုပ်စုတတိယပွဲစဉ်အဖြစ် ကူဝိတ်အသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ် ကာတာနိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly