မှောင်ခိုရောင်းချမယ့် ရှားပါးတောရိုင်းတိရိစ္ဆာန် ၆၀၀ ကျော်ကို မလေးရှား ဖမ်းဆီးရမိ

မှောင်ခိုရောင်းချမယ့် ရှားပါးတောရိုင်းတိရိစ္ဆာန် ၆၀၀ ကျော်ကို မလေးရှား ဖမ်းဆီးရမိ

ဇွန် ၉ ။             ။ မျိုးသုဉ်းလုနီးဖြစ်နေ၍ ထိန်းသိမ်းကာကွယ်ခြင်းခံထားရသည့် ရှားပါးတိရိစ္ဆာန်ကောင်ရေပေါင်း ၆၀၀ ကျော်ကို မှောင်ခိုစျေးကွက်ထဲသို့ ရောင်းချခြင်းမပြုမီ ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား အာဏာပိုင်များက ပြောသည်။

နိုင်ငံတွင် လုပ်ဆောင်ခဲ့သည့် တရားမဝင် တောရိုင်းတိရိစ္ဆာန် မှောင်ခိုကုန်ကူးမှုဆိုင်ရာ စီးနင်းမှုများအတွင်း ယခုကဲ့သို့ ရှားပါးတိရိစ္ဆာန်များနှင့်အတူ ယင်းတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်း အရိုးစုများကို  ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနိုင်ငံတွင် တရားမဝင် တောရိုင်းတိရိစ္ဆာန် မှောင်ခိုကုန်ကူးမှုများမှာ အဓိက ဖြေရှင်းရမည့် ပြဿနာကြီးတစ်ခုအဖြစ် ဆက်ရှိနေလျက်ရှိပြီး များစွာသော တိရိစ္ဆာန်မျိုးစိတ်များမှာလည်း မှောင်ခိုစျေးကွက်ထဲတွင် မတန်မဆ စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေလျက်ရှိသည်။

မေလကုန်ပိုင်းမှ ဇွန်လဆန်းအတွင်း လုပ်ဆောင်နိုင်ခဲ့သည့် ဖမ်းဆီးရမိမှုများအတွင်း တိရိစ္ဆာန် အရှင်များ၊ ဥများ၊ အရိုးစုများ ပါ၀င်နေပြီး တန်ဖိုးအားဖြင့် ရင်းဂစ် နှစ်သိန်းခန့် ရှိမည်ဖြစ်ကြောင်း တောရိုင်းတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဌာန အကြီးအကဲ အဗ္ဘဒူ ကာဒီရာ အဘူ ဟာရှင်က ပြောသွားသည်။

ယခုကဲ့သို့ ရှားပါးတိရိစ္ဆာန်များ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ လူသုံးဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly