နိုင်ငံတစ်ခုတွင် မျိုးချစ်စိတ်နှင့် အမျိုးသားရေးစရိုက်လက္ခဏာတိုးတက်ရေး အရေးကြီးကြောင်း တပ်ချုပ်ဆို

နိုင်ငံတစ်ခုတွင် မျိုးချစ်စိတ်နှင့် အမျိုးသားရေးစရိုက်လက္ခဏာတိုးတက်ရေး အရေးကြီးကြောင်း တပ်ချုပ်ဆို
ဓာတ်ပုံ - သက်ကို

 

ရန်ကုန်၊ ဇွန်လ ၉ရက် ။               ။ နိုင်ငံတည်ဆောက်ရေးတွင် အခြေခံအဆောက်အဦများ အရေးကြီးသကဲ့သို့ မျိုးချစ်စိတ်၊ နိုင်ငံ့ချစ်စိတ်၊ အမျိုးသားရေးစရိုက်လက္ခဏာတိုးတက်ရေးများလည်း အရေးကြီးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က MyTel တရားဝင်မိတ်ဆက်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏စတုတ္တမြောက်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MyTel 4G ကွန်ယက် တရားဝင်မိတ်ဆက်ခြင်းအခမ်းအနားကို ဇွန်လ ၉ ရက်နေ့၌ ရန်ကုန်မြို့ Pullman Hotel တွင် ကျင်းပခဲ့သည်။

၄င်းမိတ်ဆက်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် ဗီယက်နမ်နိုင်ငံအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ဗီယက်နမ်နိုင်ငံသတင်းအချက်အလက်နှင့်နည်းပညာ ၀န်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ် သံအမတ်ကြီး၊ မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး တို့  တက်ရောက်ခဲ့ကြသည်။

"နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတည်ဆောက်ရေး state building နဲ့ တိုင်းပြည်တည်ဆောက်ရေးတို့ကို တည်ဆောက်သွားဖို့လိုပါတယ်။ နိုင်ငံတည်ဆောက်ရေးမှာအခြေခံကျတဲ့ အခြေခံအဆောက်အဦ infrastructure တွေကအရေးကြီးသလို တိုင်းပြည်တစ်ခုမှာအခြေခံကျတဲ့ယဉ်ကျေးမှုထိမ်းသိမ်းမြှင့်တင်ရေး မျိုးချစ်စိတ် နိုင်ငံ့ချစ်စိတ်မြှင့်တင်ရေးနဲ့ အမျိုးသားရေးစရိုက်လက္ခဏာတွေတိုးတက်ကောင်းမွန်ရေးတို့ဟာလည်း အရေးကြီးလှပါတယ်"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် သယ်ယူပို့ဆောင်ရေးကောင်းမွန်ခြင်း၊ ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ လျှပ်စစ်မီးရရှိရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးများသည် မလွှဲမသွေ အရေးကြီးကြောင်း ပြောဆိုခဲ့သည်။

"MyTel ဟာ အဲဒီအချက်တွေထဲက ဆက်သွယ်ရေးကောင်းမွန်စေရေးဆိုတဲ့အချက်နဲ့ လူသားအရင်းအမြစ်ဆိုတဲ့အချက်တွေကို အထောက်အကူပြုသွားမှာဖြစ်သလို သတင်းခေတ်မှာအရေးကြီးတဲ့ သတင်းအချက်အလတ်နှင့်ဆက်သွယ်ရေးနည်းပညာ ICT ကိုလည်း မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က  ပြောကြားခဲ့သည်။

MyTel အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၆၀၀၀ ခန့် တည်ဆောက်ပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ရ၂ ရာခိုင်နူန်းကို လွှမ်းခြံုထားသည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က MyTel မှ မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် အင်တာနက်အခမဲ့အသုံးပြုနိုင်ရန် ပြုလုပ်သွားမည်ဟု ဆိုထားသည်။

ဗီယက်နမ်နှင့်မြန်မာနှစ်နိုင်ငံပူးပေါင်းထားသော MyTel ကုမ္ပဏီတွင် ဗီယက်နမ်နိုင်ငံ Viettel ကုမ္ပဏီမှ ၄၉ ရာခိုင်နူန်းပါ၀င်ထားပြီး Star High Public Company Limited နှင့် Myanmar National Telecom Holding Public Limited တို့မှ ရှယ်ယာ ၅၁ ရာခိုင်နူန်း ပါ၀င်ထားသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နေပြည်တော်၊ Kempinski Hotel ၌ပြုလုပ်ခဲ့သည့် MyTel ၏ ပထမဆုံးအကြိမ် ကြေငြာသည့်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကာ အဖွင့်အမှာစကားပြောခဲ့ဖူးသည်။

၂၀၁၆ ခုနှစ်တွင်တည်ထောင်ခဲ့သည့် MyTel ကုမ္ပဏီသည် လက်ရှိအချိန်တွင် ၄င်း၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာတစ်ဘီလီယံနီးပါး ရှိိနေပြီဖြစ်သည်။

ဆက်သွယ်ရေးအော်ပရေတာသုံးခုဖြစ်သည့် MPT ၊ Ooredoo ၊ Telenor တို့တွင် စျေးကွက်ဝေစုအချိုးအစားမှာ MPT မှ အများဆုံးဖြစ်နေကြောင်း ၂၀၁၆-၁၇ ခုနှစ် စာရင်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly