လုံခြံုရေးကောင်စီအဖွဲ့ဝင်အဖြစ် ဒိုမီနီကန်နိုင်ငံ ရွေးချယ်ခံရ

လုံခြံုရေးကောင်စီအဖွဲ့ဝင်အဖြစ် ဒိုမီနီကန်နိုင်ငံ ရွေးချယ်ခံရ

 

ကုလသမဂ္ဂ၊ ဇွန် ၉ ။                   ။ ကုလသမဂ္ဂလုံခြံုရေး ကောင်စီ၏ ၂၀၁၉-၂၀၂၀ သက်တမ်းအတွက် အမြဲတမ်းမဟုတ်သော အဖွွဲ့ဝင် ဆယ်နိုင်ငံမှ တစ်နိုင်ငံအဖြစ် ဒိုမီနီကန်နိုင်ငံက ဇွန် ၈ ရက်တွင် ရွေးကောက်ခံရသည်။

လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများက ကန့်ကွက်ခြင်း မရှိသော ဒိုမီနီကန်နိုင်ငံ အဆိုပြုတင်သွင်းခြင်းကို ကုလသမဂ္ဂ ၁၉၃ နိုင်ငံတွင် ၁၈၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ကာ အနိုင်ရခြင်း ဖြစ်သည်။

ဒိုမီနီကန်အပြင် ကုလသမဂ္ဂအထွေထွေ ညီလာခံက အခြား အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံ လေးနိုင်ငံအဖြစ် တောင်အာဖရိက၊ ဂျာမနီ၊ ဘယ်ဂျီယံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကိုလည်း   ရွေးချယ်တင်မြှောက်သည်။

အထက်ပါ လေးနိုင်ငံတွင် ပထမသုံးနိုင်ငံဖြစ်သော တောင်အာဖရိက၊ ဂျာမနီနှင့် ဘယ်ဂျီယံနိုင်ငံတို့ ရွေးကောက်ခံရတွင် ဒိုမီနီကန်နိုင်ငံကဲ့သို့ပင် ဒေသတွင်းအုပ်စုများ၏ ကန့်ကွက်ခြင်းမရှိ ထောက်ခံမှုကို ရရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံကိုမူ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လုံခြံုရေးကောင်စီဝင်အဖြစ်ကို မော်လဒိုက်နိုင်ငံက ကန့်ကွက်ခဲ့သည်။

လုံခြံုရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်အဖြစ် ရွေးကောက်ခံရရေးအတွက် ကိုယ်စားလှယ်နိုင်ငံများအနေဖြင့် အထွေထွေညီလာခံမှ အဖွဲ့ဝင်နိုင်ငံများ၏ သုံးပုံနှစ်ပုံ၏ ထောက်ခံမှု ရရှိရန် လိုအပ်သည်။

ဘိုလီးဗီးယား၊ အီသီယိုပီးယား၊ ကာဇက်စတန်၊ နယ်သာလန်နှင့် ဆွီဒင်နိုင်ငံတို့ နေရာတွင် အစားထိုးဝင်ရောက်သော ယခု အဖွဲ့ဝင်သစ်နိုင်ငံများအနေဖြင့် ၎င်းတို့၏ နှစ်သက်တာသက်တမ်းကို ဇန်နဝါရီ ၁ ရက်တွင် စတင်မည်ဖြစ်သည်။

တစ်ချိန်တည်းတွင် ပီရူး၊ အိုင်ဗရီကို့စ်၊ အီကွေတိုးရီးယား၊ ကူဝိတ်နှင့် ပိုလန်တို့သည် ၂၀၁၉ ခုနှစ်တွင် လုံခြံုရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။

ကောင်စီတွင် ဗီတိုအာဏာသုံးနိုင်သော အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံမှာ အမေရိကန်၊ ရုရှ၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန်တို့ ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly