ကတ်စနစ်ဖြင့် ငွေပေးချေမှု YPS ကတ်စနစ်မှာ ပိုအဆင့်မြင့်သည့်အတွက် အချိန်ယူရဟု ဒေါ်နီလာကျော်ပြော

ကတ်စနစ်ဖြင့် ငွေပေးချေမှု YPS ကတ်စနစ်မှာ ပိုအဆင့်မြင့်သည့်အတွက် အချိန်ယူရဟု ဒေါ်နီလာကျော်ပြော

 

ဇွန် ၈ ။             ။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည် သယ်ယူပို့ဆောင်ရေးယာဉ်များတွင် အသုံးပြုမည့် ငွေပေးချေမှု ကတ်စနစ်မှာ ယခင်ကတ်စနစ်များထက် ပိုမို အဆင့်မြင့်သည့်အတွက် အချိန်ယူရကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ တင်ဒါခေါ်ယူကာ အကောင်ထည်ဖော်ဆောင်ရွက်နေသည့် ကတ်စနစ်ဝန်ဆောင်မှု (Yangon Payment Service-YPS) မှာ တိုင်းအတွင်းရှိ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ဘဏ်များ အားလုံးနှင့်ချိတ်ဆက်ကာ အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ယခင်ကတ်စနစ်များထက် ပိုမို အဆင့်မြင့် သည့်အတွက် အချိန်ယူရကြောင်း ဒေါ်နီလာကျော်က ပြောခဲ့ပြီး ပြီးစီးမည့်အချိန်ကို မသိရှိရသေးကြောင်း တိုင်းလွှတ်တော်တွင် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဇွန်လ ၈ ရက်နေ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး (၄၂) ရက် မြောက်နေ့အစီအစဉ်တွင် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ၏ မေးခွန်းကို ယင်းကဲ့သို့ ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က "ဒီကတ်စနစ်ကိုလုပ်တဲ့အခါမှာ ကျွန်တော်တို့ အမြင်ကတော့ ပညာရှင်မဟုတ်လို့လားမသိဘူး ။ ဒီလောက် အချိန်ယူစရာမလိုဘူးထင်ပါတယ်။ ဘာကြောင့်ဆိုတော့ ၂၀၁၂-၁၃ လောက်ကတည်းက ပါရမီယာဉ်လိုင်းမှာသုံးနေတာပဲ ။ နတ်ပိုက်ဆံဆိုပြီးတော့ အဲဒါလေးတွေသိပ်တော့မခက်ခဲဘူးထင်ပါတယ်။ အမြန်ဆုံးရရင်တော့   ပြည်သူတွေအမြန်ဆုံးအကျိုးရှိပါတယ်။ နောက်ဆုံးမေးခွန်းကတော့ ပြီးတဲ့ရက်ကဘယ်ရက်လဲ ။ အဲဒါလေးတွေကြည့်ရပါတယ်ကျွန်တော်တို့က ငွေစာရင်းကော်မတီဝင်ဆိုတော့လေ။ ဒါကလေးတွေက ရက်ကလေးတွေဖြေပေးရင်တော့ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ" ဟု  လွှတ်တော်တွင် မေးမြန်းခဲ့သည်။

၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် Yangon Payment Services (YPS) ၏ ကတ်စနစ်ဖြင့် ငွေပေးချေမှုလုပ်ငန်း တင်ဒါ ကြီးကြပ်ရေးအဖွဲ့မှ တင်ဒါခေါ်ယူမှုလုပ်ငန်း စဉ်ရှင်းလင်းပွဲတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည် သယ်ယူပို့ဆောင်ရေးယာဉ်များတွင် ကတ်စနစ်ဖြင့် ငွေပေးချေမှု စနစ်အား လာမည့် ၂ဝ၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်း   ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောထားသည်။

အဆိုပါ ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှုစနစ်မှာ ခရီးအကွာအဝေး မိုင်အလိုက် ကျသင့်ငွေအား တွက်ချက် ယူမည့် စနစ်ဖြစ်ပြီး ခရီးသွားပြည်သူများအတွက် ပေးဆောင်ထားသည့် ဝန်ဆောင်မှုအတွက် ယာဉ်စီးခနှုန်း ထား ပိုမိုပေးဆောင်ရန် မလိုကြောင်း သိရသည်။

ယနေ့ လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွက် ဥပဒေနှင့် နည်းဥပဒေများ ထွက်ပေါ်လာစေရန် မည်သို့ဆောင်ရွက်ထားပြီး လွှတ်တော်တွင် ဆွေးနွေးနိုင်မည့်နေ့ရက်အား သိလိုပါကြောင်း၊ ငွေပေးချေနိုင်မည့် ကတ်စနစ်အား ယနေ့တိုင် အကောင်ထည် ဖော်နိုင်ခြင်းမရှိသည်မှာ မည်သည့်အတွက်ဖြစ်သည်ကိုသိလိုပါကြောင်း၊ ယာဉ်ကြောထိမ်းချုပ်ရေးစင်တာ အနေဖြင့် မည်သည့်နေ့ရက်တွင် တည်ဆောက်ပြီးစီးမည်ကိုသိလိုပါကြောင်းတို့ကို ဦးကျော်ဇေယျက မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းများအနက် ယာဉ်ကြောထိမ်းချုပ်ရေးစင်တာနှင့် ကတ်စနစ်ဝန်ဆောင်မှု (Yangon Payment Service-YPS) ပြီးစီးမည့် အချိန်ကို မသိရှိသေးကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဖြေကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly