ဖေ့ဘွတ်ခ်၏ သတ်မှတ်ချက်နှင့်ကိုက်ညီခြင်းမရှိ၍ မြန်မာအကောင့်များကို ဖျက်သိမ်း

ဖေ့ဘွတ်ခ်၏ သတ်မှတ်ချက်နှင့်ကိုက်ညီခြင်းမရှိ၍ မြန်မာအကောင့်များကို ဖျက်သိမ်း
ဓာတ်ပုံ - သူရ
 

 

ရန်ကုန် ၊ ဇွန် ၈ ။         ။ မြန်မာနိုင်ငံရှိ လူသိများထင်ရှားသည့် အကောင့်အချို့နှင့် စာမျက်နှာအချို့ကို ပိတ်သိမ်းလိုက်ခြင်းသည် ဖေ့ဘွတ်ခ်၏ အခြေခံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းမရှိသောကြောင့် ပိတ်သိမ်းရခြင်းဖြစ်သည်ဟု ဖေ့ဘွတ်ခ်တာဝန်ရှိသူများက ပြောဆိုလိုက်သည်။

ယနေ့ ဇွန်လ ၈ ရက်၌ မြန်မာပြည်သို့ ရောက်ရှိနေသည့် ဖေ့ဘွတ်ခ်တာဝန်ရှိသူများနှင့် မီဒီယာများ ရန်ကုန်မြို့ ဆီးဒိုးနားဟိုတယ်တွင် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

“Facebook ကို အမုန်းတရားပွားစေရန်(သို့မဟုတ်) အကြမ်းဖက်လှုံ့ဆော်စေရန်အတွက် အသုံးချနေခြင်းကို ကျွန်မတို့ မလိုလားပါဘူး။ ဒီလိုအကြောင်းအရာတွေကို Facebook ပေါ်မှ တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ရန် နည်းလမ်းပေါင်းစုံ ကနေ ကျွန်မတို့ တစိုက်မတ်မတ် ကြိုးစားနေပါတယ်” ဟု ဖေ့ဘွတ်ခ် မှ Product Manager ဖြစ်သူ Sara Su က ပြောသည်။

မြန်မာနိုင်ငံမှ ထင်ရှားသူအချို့၏ အကောင့်များနှင့်သတင်းမှားများ ဖြန့်ဝေနေသည့် စာမျက်နှာများကို ယခုနှစ်ဆန်းပိုင်းက စတင်ပြီး ဖေ့ဘွတ်ခ်မှ ပိတ်သိမ်းနေခြင်းများ ရှိနေသည်။

ဖေ့ဘွတ်ခ်မှ Verified လုပ်ထားပြီး Blue Mark ရရှိထားသော ဦးလှဆွေအကောင့် လတ်တလောတွင် ပယ်ဖျက်ခံထားရပြီး အမျိုးသားရေးဆရာတော် ဦးဝီရသူ၊ ဦးပါမောက္ခအကောင့်နှင့် အခြားအကောင့်များ ဖျက်သိမ်းခံထားရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်စ်သုံးစွဲသူ ဦးရေသည် ၁၈ သန်းကျော်ရှိနေပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ် လျှင် များပြားနေခြင်းကြောင့် သတိပြုစောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဟု ဖေ့စ်ဘွတ်စ်တာဝန်ရှိသူများ က ဆိုသည်။

“မြန်မာနိုင်ငံမှာပဲဲ ကြံုတွေ့ရတဲ့ စိန်ခေါ်မှုတွေရှိပါတယ်။ ကျွန်မတို့ဘက်က တုံ့ပြန်ရာမှာ နှောင့်နှေးခဲ့တယ် ဆိုတာလည်း သိပေမယ့် မြန်မာနိုင်ငံက သုံးစွဲသူတွေ လုံခြံုဖို့အတွက် ဒီစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ကဏ္ဍမျိုးစုံမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေများစွာပြုလုပ်ထားပါတယ်” ဟု ဖေ့စ်ဘွတ်စ် မှ Product Manager ဖြစ်သူ Sara Su က ဆိုသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဖေ့စ်ဘွတ်စ်တာဝန်ရှိသူများသည် ပြန်ကြားရေးဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့်လည်း တွေ့ဆုံခဲ့သည့်အပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ မီဒီယာများနှင့်ပါ တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags