မူးယစ်ဆေးမှုဖြင့် အဖမ်းခံထားရသည့် သြစတျေးလျနိုင်ငံသားကို စစ်ဆေးရန် ချုပ်ရက်နှစ်ပတ်ယူထား

မူးယစ်ဆေးမှုဖြင့် အဖမ်းခံထားရသည့် သြစတျေးလျနိုင်ငံသားကို စစ်ဆေးရန် ချုပ်ရက်နှစ်ပတ်ယူထား
ဓာတ်ပုံ-AFP

ရန်ကုန်၊ ဇွန် ၈ ။            ။ မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာတိုင်း(မ်)ဂျာနယ် စတင်တည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ်ဟောင်း၊ စာတည်းမှူးချုပ်ဟောင်း ဖြစ်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ (Ross Dunkley) ကို စစ်ဆေးရန် ချုပ်ရက် (ရမန်) နှစ်ပတ်ယူထားကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက အတည်ပြုပြောသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဇွန်လ ရ ရက် မနက်ပိုင်း မစ္စတာ ရော့ဒန်ကလေ၏ နေအိမ်ကိုရဲတပ်ဖွဲ့ဝင်များမှဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား (WY) နှင့် Ice ဟု လူသိများသည့် ပုံဆောင်ခဲစိတ်ကြွမူးယစ်ဆေးဝါး ( Crystal Methamphetamine) တို့ကို တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။

“ အမှုဖွင့်ထားတယ်။ ယမန်ယူထားတယ် ယမန်က နှစ်ပတ်ပေါ့။ ဇွန်လ ရ ရက်နေ့ကနေမှ နောက်ထပ်နှစ်ပတ်  ပနံပတ်က ၄၂/၂၀၁၈ “ ဟု ရဲမှူးသိန်းဝင်းကပြောသည်။

လတ်တလောစစ်ဆေးရန် ယမန် နှစ်ပတ်ယူထားသော်လည်း စစ်ဆေးမှုများမပြီးသေး၍ တရားရုံးတင်ရန်အသင့်မဖြစ်သေးပါက ရမန် (ချုပ်ရက်) ကိုဆက်တိုးတောင်းခံသွားမည်ဟုလည်း ၄င်းကဆိုသည်။

မူးယစ်ဆေးမှောင်ခိုတင်ပို့နေသူများနှင့် ဆပ်စပ်မှုရှိ/ မရှိ ဆိုသည့်မေးခွန်းနှင်ပက်သက်ပြီး ရဲမှူးသိန်းဝင်း ကဆက်လက်၍ “ ကျားလိုင်း (မှောင်ခိုအကြီးစား) တွေနဲ့တော့ လောလောဆယ်မပတ်သက်ဘူး။ ကျွန်တော်တို့ကလည်း အင်္ဂလိပ်စာမကောင်းတော့ ကောင်းတဲ့သူ ခေါ်ပြီးမေးနေရတော့ ဗမာထက်စာရင်တော့ မေးရတာနည်းနည်းအခက်ခဲရှိတာပေါ့ဗျာ”  ဟုပြောသည်။

မစ္စတာ ရော့စ်ဒန်ကလေ ငှားရမ်းနေထိုင်သည့် ဗဟန်းမြို့နယ် စမ်းရေတွင်းလမ်းရှိအိမ်၌ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ရ၉၇ ပြားနှင့် ICE မူးယစ်ဆေး ၃၀၃ ဂရမ်ကို ဖမ်းဆီးရမိခဲ့ပြီး ဗဟန်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)၊ ၂၀(က)၊ ၂၁(က) တို့ဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

၎င်းသည် ၂ဝ၁၁ ခုနှစ်အတွင်းကလည်း အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် နာကျင်စေမှုဖြင့် အဖမ်းခံရကာ ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ် ချမှတ်ခံခဲ့ရဖူးသည်။

ရော့စ်ဒန်ကလေသည် စစ်အစိုးရအုပ်ချုပ်စဉ်ကာလက တပ်မတော်ထောက်လှမ်းရေး အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် (ဟောင်း) သိန်းဆွေ၏ သားဖြစ်သူ ကိုဆန်နီဆွေနှင့် ပူးပေါင်းကာ မြန်မာတိုင်း(မ်) အင်္ဂလိပ်နှင့် မြန်မာတိုင်း(မ်) မြန်မာ အပတ်စဉ်ထုတ် သတင်းစာနှစ်စောင်ကိုထူထောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာတိုင်း(မ်) ဂျာနယ်ကို ထွန်းကော်မာရှယ်ဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက အပြီးတိုင်ဝယ်ယူပြီး နောက်တွင် မီဒီယာလောကတွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ကြောင်းလည်းသိရသည်။

သြစတေးလျနိုင်ငံသား မစ္စတာရော့စ်ဒန်ကလေသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ပို့စ် နှင့်  မြန်မာတိုင်းမ်ဂျာနယ်ကို ထူထောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly