CNG ရရှိမှုအခက်အခဲကြောင့် YBS ယာဉ်လိုင်းတစ်ချို့ ပြေးဆွဲရန် ကြန့်ကြာမှုများရှိနေ

CNG ရရှိမှုအခက်အခဲကြောင့် YBS ယာဉ်လိုင်းတစ်ချို့ ပြေးဆွဲရန် ကြန့်ကြာမှုများရှိနေ

ဇွန် ရ။     ။ စီအန်င်ဂျီ(CNG Gas)ရရှိမှု အခက်အခဲတစ်ချို့ကြောင့် YBS ခရီးသည်တင်ယာဉ်လိုင်းအချို့ ကြန့်ကြာမှု အခက်အခဲများ ကြံုတွေ့မှုများ ရှိနေကြောင်း ယာဉ်လိုင်းတစ်ချို့မှ သိရရှိရသည်။

“အဓိက ကားကြာတယ်တို့ ၊ ကားစောင့်ရတယ်လို့ ပြောနေတဲ့ပြဿနာတွေက စီအန်င်ဂျီ အခက်အခဲပဲ။ စီအန်င်ဂျီ အခက်အခဲကြောင့် ယာဉ်လိုင်းကကားတွေ ကားဆက်ကျဲတာတို့ ၊ နီးတာတို့ ဝေးတာတို့ ဖြစ်ကုန်တယ်။ စီအန်င်ဂျီဆိုင်မှာ တစ်ခါတစ်လေ သွားတန်းစီရင် လေး၊ ငါး၊ ခြောက်နာရီလောက် ကြာရင်ကြာတယ်။ စီအန်င်ဂျီဆိုင်တွေ အခက်အခဲက ကားအရေအတွက်နဲ့ ဆိုင်တွေက မမျှဘူး ဖြစ်နေတယ်။ ဒီကြားထဲမှာ လျှပ်စစ်မီးပျက်တာတွေ ၊ ဘာတွေကလည်းရှိနေတယ်” ဟု ရွှေတောင်ပိုင်း ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ခရီးသည်တင်ယာဉ်လိုင်းတစ်ချို့မှာ တစ်နေ့အခေါက်ရေ ၃ ခေါက်ပြေးဆွဲရမည့်နေရာတွင် ၂ ခေါက်ခွဲခန့်သာပြေးဆွဲနိုင်ခြင်း၊ ခရီးသွားပြည်သူများ ခရီးသည်တင်ယာဉ် စောင့်ဆိုင်သည့်အခါ ကြန့်ကြာမှုများ ကြံုတွေ့နေရကြောင်း သိရသည်။

စီအင်န်ဂျီဆိုင်အများစုသည် ၂၄နာရီ ရောင်းချနေသော်လည်း ခရီးသည်တင်ယာဉ်များကို မြို့နယ်အလိုက် သတ်မှတ််ပြီး ယာဉ်လိုင်းနံပါတ်များ ခွဲကာ ရောင်းချပေးနေခြင်း ဖြစ်ကာ  ခရီးသည်တင်ယာဉ်တစ်စီးလျှင် စီအန်င်ဂျီ လီတာ ၄၈၀ မှ ၆၀၀ လီတာအထိ ရောင်းချပေးနေကြောင်း ယာဉ်လိုင်းတစ်ချို့မှ ယာဉ်မောင်းသူများထံက သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စီအန်င်ဂျီအရောင်းဆိုင် ၄၁ ဆိုင်ရှိကာ အငှားယာဉ်(တက္ကစီ) သီးသန့်ရောင်းချသည့် ဆိုင် ၁၀ ဆိုင်ရှိပြီး ကျန် ၃၁ ဆိုင်တွင် ခရီးသည်တင်ယာဉ်များကို စီအန်င်ဂျီရောင်းချပေးလျက်ရှိကြောင်း လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သိရသည်။

“သဘာဝဓါတ်ငွေ့ဆိုင်ရဲ့သဘောက ဓာတ်ဆီဆိုင်နဲ့ကွဲလွဲမှုက ဓာတ်ဆီဆိုင်မှာက ဆီဂါလံ ထောင်သောင်းချီ လှောင်ပြီး ရောင်းတာပါ။ သဘာဝဓာတ်ငွေ့က လက်ရှိဖြန့်ဖြူးနေတဲ့ အဖျောက်နဲ့ ညောင်တုန်းက ပိုက်လိုင်းနဲ့ သွယ်တန်းထားပြီးတော့ လာတဲ့ပိုက်လိုင်းရဲ့ ပေါင် ၁၀၀လောက်ကို ပေါင် ၃၆၀၀ ကွန်ပရက်ဆာတွေနဲ့ မြှင့်တင်ပြီးတော့မှ ကားထဲကို ထည့်ရတာပါ” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စီအန်င်ဂျီဆိုင်များတွင် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်သည့်အခါတွင်လည်း အဆင်သင့်မီးစက်များဖြင့် ရောင်းချပေးနေပြီး အခက်အခဲအချို့ကြံုတွေ့နိုင်ကြောင်းသိရသည်။

“အပြောင်းအလဲတစ်ခုက အစဆိုတော့ ဒီလိုလေးတော့ရှိမှာဘဲ။ နောက်ကျရင်တော့ အားလုံး စီအန်င်ဂျီဘက်က ကော၊ လျှပ်စစ်ဘက်ကကော၊ ကားတွေဝန်ဆောင်မှုပေးတဲ့ဘက်ကကော အကုန်လုံးဝိုင်းပြီး ပေါင်းစည်းလိုက် ရင်တော့ အားတစ်ခုတော့ ဖြစ်လာမှာပါ” ဟု ရွှေတောင်ပိုင်းယာဉ်လိုင်းမှ တာဝန်ရှိသူကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့အောက်တွင် YBS ခရီးသည်တင် ယာဉ် လိုင်းပေါင်း ၉၀ ကျော်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags