၄ နှစ်ကြာ အချိန်ယူရိုက်ကူးခဲ့တဲ့ မှော်ဝင်သမန်းကျားရုပ်ရှင်ဇာတ်ကား ဒီနှစ်ထဲ ရုံတင်ပြသမည်

၄ နှစ်ကြာ အချိန်ယူရိုက်ကူးခဲ့တဲ့ မှော်ဝင်သမန်းကျားရုပ်ရှင်ဇာတ်ကား ဒီနှစ်ထဲ ရုံတင်ပြသမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ဇွန် ရ ။            ။ ၄ နှစ်ကျော်ကြာ အချိန်ယူရိုက်ကူးခဲ့ရတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကို ၂၀၁၈ ခုနှစ် အတွင်းမှာ ရုံတင်ပြသဖို့ကြိုးစားနေတယ်လို့ သရုပ်ဆောင်ခွန်းဆင့်နေခြည်က ပြောလိုက်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ဇွန်လ ရ ရက်နေ့က ရန်ကုန်၊ ဆူးလေရှန်ဂရီလာမှာ မီဒီယာတွေကို တွေ့ဆုံ ပြောကြားခဲ့တာပါ။ ရုပ်ရှင်နဲ့ပတ်သက်ပြီး အကုန်လက်စသတ်ပြီးစီးပြီဖြစ်ပေမယ့် လတ်တလောမှာ ရုံတင်နိုင်ဖို့ စောင့်ဆိုင်းနေတယ်လို့ သရုပ်ဆောင်ခွန်းဆင့်နေခြည်က ပြောပါတယ်။

" ရုံတင်ဖို့ကတော့ အစည်းအဝေးလုပ်တဲ့အခါကျမှပဲ ကိုယ့်ကားကို ဘယ်အချိန်ရွေးမလဲဆိုတာ သိရ မှာပါ၊ အခုလက်ရှိမှာတော့ နမူနာကို သူတို့ကြည့်ထားပြီးပြီဆိုတော့ ရုံတင်တာတော့ ၂၀၁၈ ထဲမှာ တင်နိုင်ဖို့ ကြိုးစားနေပါတယ်" လို့ သရုပ်ဆောင်ခွန်းဆင့်နေခြည်က ပြောပါတယ်။

မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားဟာ သရုပ်ဆောင်ခွန်းဆင့်နေခြည်ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ကျောက်ဆူးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ထမံသီကျေးရွာက လူကနေ ကျားဖြစ်သွားတဲ့ ဂမ္ဘီရဆန်ဆန် ၊ သည်းထိပ်ရင်ဖိုဇာတ်လမ်းကို ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ ကျားအစစ်တွေနဲ့ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

" ဇာတ်ကားကို ကောင်းစေချင်တဲ့အတွက် ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တာပါ၊ မြန်မာနိုင်ငံက ပညာရှင်တွေ ကလည်း သူ့ဟာနဲ့သူကောင်းကြပါတယ်၊ ခွန်းဆင့်က ဒီကားကို အရမ်းကောင်းစေချင်တဲ့ဆန္ဒပြင်း ထန်နေတာနဲ့ ဒါရိုက်တာရဲ့ဆုံးဖြတ်ချက်နဲ့ ထိုင်းမှာရိုက်မယ်လို့ စီစဉ်ဖြစ်ခဲ့တာပါ" လို့ သရုပ်ဆောင် ခွန်းဆင့်နေခြည်က ပြောပါတယ်။

ဒါ့အပြင် ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေစဉ် ကျားဟပ်ခံခဲ့ရပြီ ကျားဆိပ်တက်ခဲ့လို့ ဘန်ကောက်မှာ ဆေး ရုံတက် ဆေးကုခံခဲ့ရတယ်လို့လည်း သရုပ်ဆောင်ခွန်းဆင့်နေခြည်က ပြောပါတယ်။
" ကျားအဟပ်ခံလိုက်ရတော့ ပေါင်မှာတော့ ခွေးကိုက်သလောက် အခြစ်ရာဖြစ်သွားတယ်၊ အဲဒီ အခြစ်ရာကို ပေါ့ပေါ့လေးထားမိတယ်၊ ဒါပေမယ့် ညနေလောက်ကျတော့ အဲဒါလေးကနေ ပေါင် တစ်ချောင်းလုံး ညိုမည်းလာတယ်၊ အဲဒီအတွက် ဆေးရှစ်လုံးလည်းထိုးလိုက်ရတယ်၊ ဘန်ကောက် ဆေးရုံသွားပြီးတော့ ဆေးထိုးရတယ်" လို့ သရုပ်ဆောင် ခွန်းဆင့်နေခြည်က ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့ပြီး နည်းပညာအခက်အခဲနဲ့ ရိုက်ကွင်း အခက်အခဲတွေကြောင့် ထိုင်းနိုင်ငံမှာ အကြိ်မ်ကြိမ်ပြန်လည်ရိုက်ကူးခဲ့ရပြီး ကျပ်သိန်း သုံးထောင်ကျော် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားဟာ 'ကျောက်ဆူး' ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ခြေလှမ်းဖြစ် ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရန်အောင် ၊ မင်းမော်ကွန်း ၊ သူထူးစံ ၊ စိုးမြတ်သူဇာ ၊ လင်းဇာနည်ဇော် ၊ ခွန်းဆင့်နေခြည် တို့နဲ့အတူ လူအင်အား ၁၀၀ ကျော်နဲ့ ရိုက်ကူးပုံဖော်ထားတယ် လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly