လမ်းပိတ်၍ အုတ်တံတိုင်းခတ်မှုအား လွှတ်တော်တွင် တင်ပြပြီးနောက် စည်ပင်မှ ဖယ်ရှားခိုင်း

လမ်းပိတ်၍ အုတ်တံတိုင်းခတ်မှုအား လွှတ်တော်တွင် တင်ပြပြီးနောက် စည်ပင်မှ ဖယ်ရှားခိုင်း

ရန်ကုန်၊ ဇွန် ရ ရက် ။             ။ သာကေတမြို့နယ် ရန်ပြေ ၃ ရပ်ကွက်၊ ၁၈လမ်း(အနောက်)ရှိ ရန်အောင်ရေကန်သို့ သွားသည့် ကန်တက် လမ်းအား ပိတ်၍အုတ်တံတိုင်းခတ်နေမှုကို သာကေတမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်က ဇွန်လ ၆ ရက် တွင် လွှတ်တော်၌အဆိုတင်သွင်းခဲ့ပြီးနောက် စည်ပင်မှ ယနေ့ လာရောက်ဖယ်ရှားခိုင်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်အောင်ရေကန်သို့သွားသည့် ကန်တက်လမ်းမှာ ရန်ပြေ ၃ ရပ်ကွက်တွင် လမ်းများအလိုက် ရှိသော်လည်း ၁၈လမ်း(အနောက်)တွင်မူ နေအိမ်တစ်ခုမှ တံတိုင်းခတ်သည့်အတွက် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုနေရာကို လမ်းဖွင့်ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် သာကေတမြို့နယ်၊ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက အဆိုတင်ခဲ့ပြီးနောက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ အုတ်တံတိုင်းခတ်သည့်နေအိမ်သို့ လာရောက်ကာ အုတ်တံတိုင်းကို ၁ပေခန့် ဖယ်ရှားခိုင်းခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ပြန်လည် ဖြိုဖျက်နေပြီ ဖြစ်သော်လည်း မူလလမ်းအကျယ်ဝန်းအတိုင်းပြန်လည်မရရှိမချင်း ရပ်ကွက်မှ ဆက်လက်တောင်းဆိုသွားမည် ဖြစ်သည်ဟု တိုင်ကြားခဲ့သူဒေါ်တင်တင်မိုးက ပြောသည်။

မူလကန်တက်လမ်းမှာ ၄ပေ အကျယ်ရှိပြီး ယခု ၁ ပေခန့်သာ ဖြိုဖျက်ခိုင်းသည့်အတွက် ဆက်လက် တောင်းဆိုသွားမည်ဟု ဒေါ်တင်တင်မိုးက ဆက်ပြောသည်။

"သူဝယ်ထားတာ ပေ ၂၀၊ အခု ၂၄ ပေ ဘယ်သူ့ဆီကဝယ်တာလဲ။ လမ်းသူလမ်းသားပိုင်တဲ့မြေကို လမ်းသူ လမ်းသားကို အသိပေးပြီးမှ ၀ယ်သင့်တယ်။ အခု လမ်းသူလမ်းသားပိုင်တဲ့မြေကို အသိမပေးဘဲနဲ့ သူက ဘယ်အထိ တက်ပြီးတော့ဝယ်ထားတာလဲ။ အဲဒီတော့ အန်တီတို့တစ်လမ်းလုံးက မကျေနပ်လို့တိုင်တာ။ တိုင်တဲ့အတွက်စာရွက်စာတမ်းတွေ အကုန်ကျလာတယ်။ ဖြေရှင်းပေးပါမယ် ဆိုတဲ့ စာရွက်စာတမ်းတွေ ကျလာပြီးသား။ ဒေါ်သက်ထားနွယ်ဝင်းကိုလည်းအန်တီတို့ကလျှောက်ထားပြီးသား။ အဲဒီတော့ ဒေါ်သက်ထားနွယ်က မနေ့ကမှ လွှတ်တော်ကို အဆိုတင်သွင်းမယ်ဆိုတော့မှ အားချင်းလာဖျက်ခိုင်းတာ ၁ ပေ တဲ့" အုတ်တံတိုင်းခတ်ခြင်းအား ကန့်ကွက်ခဲ့သူ ဒေါ်တင်တင်မိုးက ပြောသည်။

၄င်းမြေနေရာများပြန်လည်ဖွင့်ပေးရန်အတွက် ရပ်ကွက်အတွင်းနေသူ ၉ ဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ နိုင်ငံတော်သမ္မတ၊ မြို့တော်ခန်းမ၊ ပြည်သူ့လွှတ်တော်များသို့ တိုင်ကြားစာများ ပေးပို့ထားပြီး ဖြစ်သည်။

သို့သော်လည်း အုတ်တံတိုင်းခတ်သည့်အိမ်ရှင် ဦးသိန်းဟန်က ၄င်းနေရာကို မြေပို(၄ပေ) အဖြစ် အခွန်ဆောင် ပြီး ရရှိထားခြင်းဖြစ်သည်ဟု ပြောသည်။

"ပတ်ဝန်းကျင်ဆိုတာက ဒီဟာကိုလမ်းလိုချင်လို့။ စကားအရ လမ်းလိုချင်လို့ပြောတာ။ ဟို ၁၇ လမ်းမှာလည်း လမ်းရှိတယ်။ ဒီကောင်လည်း လမ်းမရှိဘူးမဟုတ် ရှိတယ်။ သို့ပေမယ့် တစ်ဘက်သတ်ကြီး ဦးဆီကနေ သွားတာ မဟုတ်ဘူး။ ဒီရပ်ကွက်မှာရှိတဲ့လမ်းတွေအကုန်လုံးက ဒီလိုပဲသွားတယ်။ ဒီဘက်နဲ့ ဒီဘက် ထောင့်ချိုးလေး ဖြစ်နေတာကို ဒီဘက်ကိုပဲသွားရင် ဟိုဘက်ကို မျက်နှာသာပေးရာကျသွားမှာပေါ့" ဟု ဦးသိန်းဟန်က ပြောသည်။

၄င်းရန်အောင်ရေကန်ကို ယခင်ကသောက်ရေကန်အဖြစ်အသုံးပြုကြပြီး လက်ရှိအချိန်တွင် မီးသတ်ရေကန် အဖြစ်သာ သတ်မှတ်အသုံးပြုနေကြသည်ဟု ၁၇ လမ်း(အနောက်)တွင်နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမောင်မောင်စိုးက ၄င်းမြေနေရာကို ပြန်လည်လမ်းဖွင့် ပေးရန်နှင့် လမ်းပြန်လည်မဖွင့်ပေးပါက တရားစွဲဆိုသွားမည်ဖြစ်သည်ဟု လွှတ်တော်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly