ရာမွန် မက်ဆေးဆေး ဆုကို ဦးကျော်သူ လက်ခံရယူ

ရာမွန် မက်ဆေးဆေး ဆုကို ဦးကျော်သူ လက်ခံရယူ
 Photo - AP

နာရေးကူညီမှုအသင်း(ရန်ကုန်) ထူထောင်သူ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူ သည် ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၅ ခုအတွက် Ramon Magsaysay Award ဆုကို သြဂုတ် ၃၁ တွင် ဖိလစ်ပိုင်သမ္မတ Benigno S. Aquino III ထံမှ လက်ခံရယူသည်။

ဦးကျော်သူအား မြန်မာနိုင်ငံရှိ သက်ရှိ/သက်မဲ့များအတွက် အခြေခံကျသည့် လိုအပ်ချက်များ ကို ထုတ်ဖော်ပြောဆိုပြီး မြင့်မြတ်သော အကြင်နာတရားဖြင့် လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမရွေး ကူညီဆောင်ရွက်မှုများအတွက် ရွေးချယ်သည်ဟု ဆုပေးသည့် ဘုတ်အဖွဲ့က ထုတ်ပြန်သည်။

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုတွင် ဦးကျော်သူက ဦးဆောင်၍ အနုပညာလောကမှ လုပ်ဖော်ကိုင်ဖက်များနှင့် ရန်ကုန်မြို့တွင် စတင် ထူထောင်ခဲ့သည်။

ကွယ်လွန်သူ ငွေကြေးမတတ်နိုင်သူများ၏ ရုပ်ခန္ဓာအား အခမဲ့မီးသြင်္ဂိုဟ် ပေးခြင်း၊ ကိုယ်တိုင် ကားမောင်းပို့ခြင်း၊ ကိုယ်တိုင်ထမ်းပိုးခြင်းတို့ကို အတားအဆီး အမျိုးမျိုးကြားမှ ဆောင်ရွက်ခဲ့သည်။

လက်ရှိအချိန်အထိ အခမဲ့ မီးသြင်္ဂိုဟ်မှုကို အကြိမ်ပေါင်း တစ်သိန်းငါးသောင်းကျော် ဆောင်ရွက်ပြီးကြောင်း သိရသည်။

ယခုအခါ အရေးသူနာပြုကားများနှင့် အယောက် ၅၀ သော စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ ဝန်ထမ်းများဖြင့် ၂၄ နာရီ ဆေးခန်းတစ်ခန်းလည်း ဖွင့်လှစ်ထားပြီ ဖြစ်သည်။ ၂၀၀၇ ခုမှ စတင်ဖွင့်လှစ် ခဲ့သည့် ယင်းဆေးခန်းမှ မကျန်းမာသူ တစ်သိန်း လေးသောင်းကျော်ကိုလည်း ကျန်းမာရေးဝန်ဆောင်မှု ပေးခဲ့ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့ပြင် နယ်လှည့် ကူညီရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နေသည်။ စာသင်ကျောင်း တစ်ကျောင်းလည်း ဖွင့်လှစ် ထားသည်။

ဦးကျော်သူသည် သူ၏ ကိုယ်ပိုင်ငွေနှင့် စေတနာရှင်များက ပါဝင်လှူဒါန်းငွေများဖြင့် ယင်း လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုလည်း သိရသည်။

၂၀၁၅ အတွက် Ramon Magsaysay Award ဆုကို ဇူလိုင်လ ၂၉ ရက်က ကြေညာခဲ့ခြင်း ဖြစ် သည်။ အလားတူ လာအိုမှ အမျိုးသမီး Kommaly Chanthavong၊ ဖိလစ်ပိုင်မှ အမျိုးသမီး Ligaya Fernando-Amilbangsa၊ အိန္ဒိိယမှ အမျိုးသား Anshu Gupta တို့လည်း ရွေးချယ်ခံခဲ့ရသည်။

မြို့တော် မနီလာ၌ ပေးအပ်သည့် အဆိုပါဆုရရှိသူတစ်ဦးလျှင် ရွှေလည်ဆွဲ တံဆိပ်နှင့်အတူ အမေရိကန်ဒေါ်လာ သုံးသောင်း ရရှိမည် ဖြစ်သည်။

ဆုကို ၁၉၅၇ ခုမှစတင်ခဲ့ပြီး အာရှိတိုက်၏ အမြင့်ဆုံးနှင့် ဒေသဆိုင်ရာ နိုဘယ်ဆုအဖြစ် အများ က အသိမှတ်ပြုကြောင်း ဘုတ်အဖွဲ့က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly