အမြင့်ပေ ၂ သောင်းခွဲမှ ခုန်ချသည့်စတန့်ပြကွက်ကို လူစားမထိုးပဲ ကိုယ်တိုင်သရုပ်ပြခဲ့သည့် တွမ်ခရုစ်

အမြင့်ပေ ၂ သောင်းခွဲမှ ခုန်ချသည့်စတန့်ပြကွက်ကို လူစားမထိုးပဲ ကိုယ်တိုင်သရုပ်ပြခဲ့သည့် တွမ်ခရုစ်

ဟောလိ၀ုဒ်မှနာမည်ကြီးမင်းသား တွမ်ခရုစ်သည် သူ၏အက်ရှင်ဇာတ်ကားများ၌ မိုးမျှော်တိုက်ကြီးပေါ်မှ လျှောဆင်းခြင်း၊ တိုက်တစ်ခုနှင့်တစ်ခုကြား ခုန်ကူးခြင်း၊ ပျံတက်နေသောလေယာဉ်ပျံဘေး၌ တွယ်ကပ်သွားခြင်း စသည့်ပြကွက်များကို လူစားမထိုးပဲ ကိုယ်တိုင်သရုပ်ပြခြင်းကြောင့် နာမည်ကြီးသော မင်းသားတစ်လက် ဖြစ်သည်။

ယခုအခါတွင်လည်း သူ၏အက်ရှင်ဇာတ်ကားသစ်ဖြစ်သော Mission Impossible: Fallout တွင် “HALO JUMP” ဟုခေါ်သော လွန်စွာမြင့်သော အမြင့်မှခုန်ချပြီး မြေပြင်နှင့်နီးကပ်သည့် အချိန်မှ လေထီးဖွင့်သော ပြကွက်ကို လူစားမထိုးပဲ ကိုယ်တိုင်ပါ၀င်သရုပ်ပြခြင်းကြောင့် ပရိသတ်များ၏ အားပေးမှုကို တစ်ခဲနက်ရရှိနေသည်။

ယင်း HALO JUMP ကို လေ့ကျင့်မှုစွမ်းရည်မြင့်မားသော ကွန်မန်ဒိုများကသာ ရန်သူများ၏ ရှာဖွေတွေ့ရှိခြင်းကို ရှောင်ရှားရန်အတွက် ပြုလုပ်လေ့ရှိပြီး ယခုအခါတွင် တွမ်ခရုစ်သည် ယင်းခုန်ချမှုကို ကိုယ်တိုင်သရုပ်ပြသည့် ပထမဦးဆုံးမင်းသားတစ်လက် ဖြစ်လာခဲ့သည်။

အသက် ၅၅ နှစ်အရွယ်ရှိနေပြီဖြစ်သော တွမ်ခရုစ်သည် သူ၏နာမည်ကျော် Mission Impossible ဇာတ်ကား များတွင် အေးဂျင့်အီသန်ဟန့်ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ပြီး သူ၏ပရိသတ်များအတွက် တစ်ကားနှင့် တစ်ကား မရိုးနိုင်သော စတန့်ပြကွက်များကို ထည့်သွင်းပြသလေ့ရှိသည်။

Mission Impossible: Fallout ဇာတ်ကား ရိုက်ကူးခဲ့ပုံကို ထုတ်လှစ်ပြသသည့် ဗီဒီယိုဖိုင်ထဲ၌ တွမ်ခရုစ်သည် အမြင့်ပေ ၂သောင်းခွဲ၌ ပျံသန်းနေသော ကုန်တင်လေယာဉ်ပေါ်မှ HALO JUMP နှင့် ခုန်ချခဲ့ပြီး မြေပြင်နှင့် ပေ ၂၀၀၀ ခန့်သာ နီးကပ်တော့သော အခြေအနေရောက်မှသာ လေထီးဖွင့်သည့် ပြကွက်ကို သရုပ်ပြနေပုံအား မြင်တွေ့ရသည်။

အမြင့်ပေ ၂ သောင်းခွဲကျော်မှ ခုန်ချခြင်းသည် တစ်နာရီလျှင် မိုင် ၂၀၀ ရှိသော အရှိန်နှင့် ပြုတ်ကျခြင်းဖြစ်သော ကြောင့် တွမ်ခရုစ်အတွက်လည်း စွန့်စားရာရောက်ခဲ့ပြီး အထူးပြုလုပ်ထားသော ဦးထုပ်ကိုဆောင်းခဲ့ရသလို ယင်းပြကွက်မတိုင်မီ၌လည်း လေ့ကျင့်မှုများစွာ ပြုလုပ်ခဲ့ရသည်။

ပြီးခဲ့သောနှစ်ကလည်း တွမ်ခရုစ်သည် Mission: Impossible – Fallout ရုပ်ရှင်ရိုက်ကွင်း၌ တိုက်တစ်ခုနှင့် တစ်ခုကြား ခုန်ကူးစဉ်တွင် ပြုတ်ကျခဲ့ပြီး ခြေချင်းဝတ်ကျိုးသွားခဲ့ရသည်။

Mission: Impossible – Fallout ကို ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ပြီး နိုင်ငံတကာ၌ ရုံတင်ပြသသွားမည်ဟု သိရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags