တရုတ်ပြည့်တန်ဆာ ၁၇ ဦးအမှုတွင် ဆိုင်ရှင်ဖြစ်သူကို တရားခံပြေးအဖြစ်သတ်မှတ်

တရုတ်ပြည့်တန်ဆာ ၁၇ ဦးအမှုတွင် ဆိုင်ရှင်ဖြစ်သူကို တရားခံပြေးအဖြစ်သတ်မှတ်

ရန်ကုန်၊ ဇွန် ရ ။                     ။ တောင်ဥက္ကလာပမြို့နယ် (၈) ရပ်ကွက်တွင် အလှပြင်ဆိုင်လုပ်ငန်း ဗန်းပြကာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသမီး ၁၇ ဦးအမှုတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဆိုင်ပိုင်ရှင်ကို တရားခံပြေး အဖြစ် တောင်ဥက္ကလာပမြို့တရားရုံးမှသတ်မှတ်လိုက်ကြောင်း တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးမြင့်သန်းကပြောသည်။

အလှပြင်ဆိုင်လုပ်ငန်းကို ဗန်းပြပြီး ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေတဲ့ ဆိုင်မှ စုစုပေါင်း ၂၉ ဦးကို ဇွန်လ ၆ ရက်နေ့ တောင်ဥက္ကလာတရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း ဆိုင်ပိုင်ရှင်မှာ ထွက်ပြေးနေခြင်းလည်းဖြစ်သည်။

ထို့ကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူကို ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ၅(၁) အပြင် တရားခံပြေးပုဒ်မနှင့်ပါ စွဲတင်ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးရွှေဌေးက “ ဆိုင်ရှင်ကိုတော့ ကျွန်တော် တို့ ဘယ်သူဆိုတာကိုတော့ သိထားပါတယ်။ သူ့ရဲ့ပတ်စ်ပို့တွေဘာတွေ အကုန်ရထားပါပြီ။ လောလောဆယ် တော့ရှာတုန်းပါ။ လောလောဆယ်တော့ လေဆိပ်ကတော့ မထွက်သေးဘူး သိရပါတယ်” ဟု ပြောသည်။

ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား အမျိုးသမီး ၁၇ ဦးကို ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ၃ (က)/ (ခ)နှင့် လည်းကောင်း ဆိုင်မန်နေဂျာအပါအဝင် ဆိုင်ဝန်ထမ်း ၁၂ ဦးတို့ကို ဥပဒေပုဒ်မ ၅(၁) ဖြင့်လည်းကောင်း တရားစွဲဆိုထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက်တွင် တရားဝင်လိုင်စင်မရှိဘဲဖွင့်လှစ်ထားသော Oriental Spa အမည်ရှိ အလှပြင်ဆိုင်သို့ မေလ ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက်စစ်ဆေးရာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မေလ ၂၃ ရက်နေ့တွင် တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်တင့်လွင်က တရားလိုလုပ်ကာ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေဖြင့် တရားစွဲတင်ပို့ထားခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly