ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့်အဖွဲ့များ လျှောက်လွှာတင်နိုင်ပြီဟု UEC ကြေညာ

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့်အဖွဲ့များ လျှောက်လွှာတင်နိုင်ပြီဟု UEC ကြေညာ
ဓာတ်ပုံ -  ညွန့်ဝင်း /EPA

 

ရန်ကုန်၊ ဇွန် ရ ။          ။ လာမည့် နိုဝင်ဘာလဆန်းအတွင်း လစ်လပ်မဲဆန္ဒနယ်များအတွက်ကျင်းပရန်ရှိနေသည့် ကြားဖြတ်ရွေးကောက် ပွဲတွင် စောင့်ကြည့်လေ့လာလိုသည့်   ပြည်တွင်းနှင့် နိုင်ငံတကာ(ပြည်ပ) အဖွဲ့အစည်းများအနေဖြင့် လျှောက်လွှာများကို စ တင်နိုင်ပြီဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ကြေညာလိုက်သည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့်အဖွဲ့များအနေဖြင့် ဇွန်လ ရ ရက်မှစတင်ကာ အောက်တိုဘာလ ၁၈   ရက်နေ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း UEC မှ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြည်တွင်းက စောင့်ကြည့်လေ့လာသူတွေအနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၆ ) နှင့် နိုင်ငံတကာ ပြည်ပရွေး ကောက်ပွဲစောင့်ကြည့်မယ့် သူတွေအနေဖြင့်   ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၆ ) တို့ကိုကြေညာထားပြီးဖြစ်ကြောင်းလည်းသိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို လာမယ့် ဇူလိုင် ၂ ရက်နေ့ မှစတင်ကာ ၁ဝ ရက်အတွင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

ပြည်သူ့လွှတ်တော်အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အတွက် ၈ နေရာ၊ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ်  ၁၃ နေရာအတွက် နိုဝင်ဘာ ၃ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ်မြေများမှ မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို လာမည့် ဇွန်လကုန် ဇူလိုင်လဆန်းလောက်တွင် တစ်ကြိမ်၊ သြဂုတ်လတွင် တစ်ကြိမ် ထုတ်ပြန်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားသည်။

ယခုကြားဖြတ်ရွေးကောက်ပွဲသည် NLD အစိုးရသက်တမ်းကာလအတွင်း ဒုတိယအကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ၂၀၆၂ ဦးနဲ့ နိုင်ငံတကာ (ပြည်ပ) ရွေးကောက်ပွဲစောင့် ကြည့်လေ့လာသူ ၃၁၂ ဦးရှိခဲ့သည်ဟုလည်း   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly