YBS ၉၃ တွင် ဆဲဆိုရမ်းကားခဲ့သူအား ခရီးသည်များက ယာဉ်ပေါ်မှ ကန်ချ

YBS ၉၃ တွင် ဆဲဆိုရမ်းကားခဲ့သူအား ခရီးသည်များက ယာဉ်ပေါ်မှ ကန်ချ

 

ရန်ကုန်၊ ဇွန်လ ရ ။          ။ YBS ၉၃ ကားပေါ်တွင် ယာဉ်မောင်းအား ဆဲဆိုရမ်းကားခဲ့သော အသက် ၃၅ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး အား ခရီးသည်များက ယာဉ်ပေါ်မှ ကန်ချခဲ့ကြောင်း သိရသည်။

 ယမန်နေ့ ဇွန်လ ၆ ရက်၊ နံနက်ပိုင်းက YBS ၉၃ ယာဉ်ပေါ်သို့ မြောက်ဥက္ကလာပမြို့နယ်၊ ၆ ကွေ့မှတ်တိုင် (သို့) ဧရာမှတ် တိုင်မှ လိုက်ပါလာသော ခရီးသည်အမျိုးသားတစ်ဦးက လူကျပ်ခြင်း၊ ခရီးသည် အတက်အဆင်း များသဖြင့် ယာဉ်မောင်းဖြစ်သူအား ယာဉ်အားမြန်မြန်မောင်းခိုင်းသည့်အပြင် ဆဲဆိုကြိမ်းမောင်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ယာဉ်ပေါ်တက်သည့် တံခါးပေါက်အနီးမှ ထိုင်ခုံအား ကာရံထားသည့် သံပြားများကိုလည်း လက်သီးဖြင့် ထိုးခဲ့ကြောင်း သိရသည်။

 “ CCTV မှတ်တမ်းမှာကြည့်ရတာကတော့ သူက ယာဉ်မောင်းကို ဟိုလိုမောင်း၊ ဒီလိုမောင်းဆိုပြီး ဖိအားပေးတာ။ ဆဲလည်းဆဲတယ်ပေါ့။ ယာဉ်မောင်းကတော့ ဘာမှ ပြန်မတု့န်ပြန်ဘူး။ ကြာတော့ ခရီးသွားတွေက ဒါက ကား တစ်စီးလုံးအတွက် အန္တရာယ်ရှိတယ်။ အဲ့လိုမလုပ်သင့်ဘူးလို့ ခရီးသွားက တားမြစ်ရာကနေ စကားများကြတာ။ ရဲစခန်းတော့ မပို့နိုင်ဘူးဗျ။ ခရီးသွားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တော့ ခရီးသွားတွေက သူကို ကားပေါ်က ကန် ချလိုက်တာတွေ့တယ်။ CCTV မှတ်တမ်းမှာ”ဟု YBS ၉၃ ကို ပြေးဆွဲနေသော လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီမှ လုပ်ငန်းဖော်ဆောင်မှုဒါရိုက်တာ ကိုတရုတ်လေးက မဇ္စျိမသို့ ပြောသည်။

ထို့သို့ ဆဲဆိုရမ်းကားသူ အမျိုးသားအား ယာဉ်ပေါ်မှ ခရီးသည်များက ကန်ချပြီးနောက် ယာဉ်အား ဆက်လက် မောင်းနှင်ခဲ့ရာ ပုဇွန်တောင်စျေးမှတ်တိုင်အရောက် အဆိုပါ ရမ်းကားသူက နောက်မှပါလာသော YBS ၉၃ ယာဉ်တစ်စီးပေါ်တွင် ဆက်ပြီး လိုက်ပါသည်ကို တွေ့ရှိသဖြင့် ရဲစခန်းအနီးတွင် ယာဉ်နှစ်စီးလုံး ရပ်တန့်ခဲ့သည်။

ယာဉ်အားရပ်တန့်ပြီး ခရီးသည်များက ဝိုင်းဝန်းဖမ်းဆီးရာတွင် အဆိုပါ ရမ်းကားသူက ထပ်မံထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အကြောင်းအရာများနှင့် ပတ်သက်၍ လူထုမိတ်ဆွေကုမ္ပဏီ Facebook Page တွင်လည်း ၁၃ မိနစ်ကျော်ခန့်ရှိသည့် CCTV မှတ်တမ်း ရုပ်သံဖိုင် နှစ်ခုကို ဇွန်လ ၆ ရက်နေ့၊ ညပိုင်းက ထုတ်ပြန်ချက်နှင့်အတူ တင်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ယာဉ်မောင်းနှင့် ယာဉ်တစ်စီးလုံး ဘေးအန္တရာယ်ကျရောက်ခြင်းမရှိအောင် ကူညီပေးခဲ့သော ခရီးသွားပြည်သူများအား အထူးကျေးဇူးတင်ကြောင်းနှင့် သည်းခံပြီး စိတ်လိုက်မာန်ပါ ပြုလုပ်ခဲ့ခြင်းမရှိသော ယာဉ်မောင်း ဦးတင်စိုးနိုင်အား အသိအမှတ်ပြုလေးစားပြီး ဂုဏ်ပြုချီးမြှင့်သွားဖြစ်ကြောင်း ဖော်ပြပါရှိသည်။

လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းမှ YBS ၉၃ ကို ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံး ပတ်မှ ယာဉ်အစီးရေ ၅ဝ ဖြင့် စတင်ပြေးဆွဲနေခြင်းဖြစ်ပြီး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် မှ ရန်ကုန်ဘူတာ ကြီးသို့ ပြေးဆွဲနေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags