ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်း အရှက်တကွဲရှုံးခဲ့ရတဲ့ပွဲက ဂိုးပိုက်ကို အပိုင်းပိုင်းဖြတ် ရောင်းမယ်

.

ဇွန် ၇၊ ဘယ်လို ဟော်ရီဇွန်တီ ။                          ။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတုန်းက ဂျာမနီအသင်းကို ၇-၁ ဂိုးနဲ့ ဘရာဇီးအသင်းရှုံးခဲ့တဲ့ပွဲမှာ အသုံးပြုခဲ့တဲ့ ဂိုးပိုက်နှစ်ခုထဲက တစ်ခုကိုဖြတ်တောက်ပြီး လူမှုရေးရန်ပုံငွေရရှိဖို့ ရောင်းချမယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ လေးနှစ် ဇူလိုင် ၈ ရက်တုန်းက ဘရာဇီးဘောလုံးလောက သိက္ခာကျခဲ့ရတဲ့ ဘယ်လို ဟော်ရီဇွန်တီမြို့မှာရှိတဲ့ မင်နဲရိုးဘောလုံးကွင်းက ဂိုးပိုက်ရောင်းမယ့်အကြောင်းကို အင်္ဂါနေ့မှာ ကြေညာခဲ့တာပါ။

ပိုက်ကို အပိုင်းပေါင်း ၈, ၁၅၀ ရအောင် ဖြတ်တောက်ပြီး အပိုင်းတစ်ခုကို အနိမ့်ဆုံး ၇၁ ယူရိုနဲ့ အွန်လိုင်းကတဆင့် ရောင်းချမှာပါ။ ဒီဈေးနှုန်းက ၇-၁ ဂိုးဆိုတဲ့ ရလဒ်ကို ပြန်လည်အမှတ်ရစေမှာလည်း   ဖြစ်ပါတယ်။

ကျန်တဲ့ဂိုးပိုက်တစ်ခုကတော့ ဘယ်လို ဟော်ရီဇွန်တီမြို့မှာ ဆက်ရှိနေမှာပါ။

လူမှုရေးရန်ပုံငွေပွဲမှာ ရောင်းချမယ့်ပိုက်ဟာ ဂိုးအရေအတွက်အများဆုံး သွင်းယူခံရတဲ့ပိုက်ဖြစ်ပြီး ပွဲချိန်ပထမပိုင်းမှာ ဂျာမနီ ဘက်က ငါးဂိုးနဲ့ ဒုတိယပိုင်းမှာ ဘရာဇီးဘက်က တစ်လုံးတည်းသော   ချေပဂိုးကို အော်စကာသွင်းယူနိုင်ခဲ့တဲ့ ဂိုးပိုက်ဖြစ်ပါတယ်။

တာဝန်ရှိသူတွေဟာ ဂျာမနီမှာရှိတဲ့ ဘောလုံးပြတိုက်တစ်ခုဆီကို ခရီးစဉ်တစ်ခု စီစဉ်ပြီးသွားရောက်ဦးမှာပါ။

လူမှုရေးရန်ပုံငွေရဖို့ ဂိုးပိုက်ကိုရောင်းချမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး မင်နဲရိုး ဒါရိုက်တာ ဆမ်မြူရယ် လွိုက်က “ဒီ စိတ်ဒုက္ခ ဖြစ်စရာအတွေ့အကြုံကို အကောင်းဘက်ကိုပြောင်းလဲရင်း လူတိုင်းရင်ထဲမှာ မေ့သွားနိုင်အောင် စီစဉ်ရတာပါ” လို့ ပြောပါတယ်။

စီစဉ်သူတွေဟာ ဘရာဇီးမှာ ပြန်လည်လှူဒါန်းမှုတွေ ပြုလုပ်ဖို့အတွက် ဂိုးပိုက်အပိုင်းအစတွေရောင်းချမှုကနေ အနည်းဆုံး     ယူရို ၅ သိန်းရဖို့ မျှော်လင့်ထားပါတယ်။

Ref; AFP