ပုဂံဒေသကို ထိန််းသိမ်းစောင့်ရှောက်ရေးအတွက် ဒေသခံတွေ ထပ်မံတောင်းဆို

ပုဂံဒေသကို ထိန််းသိမ်းစောင့်ရှောက်ရေးအတွက် ဒေသခံတွေ ထပ်မံတောင်းဆို

ပုဂံ၊ ဇွန်လ ရ ။            ။ ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန််းသိမ်းစောင့်ရှောက်ဖို့အတွက် ဒေသနေပြည်သူ ၈ ထောင်ကျော် လက်မှတ်ရေးထိုးပြီး အစိုးရအဖွဲ့ထံမှာတောင်းဆိုထားပေမယ့် ၂ နှစ်ကျော်လာတဲ့အထိ ဖြေရှင်းဆောင်ရွက် ပေးခဲ့တာတွေ မရှိသေးလို့ ဒီနေ့ မနက်ပိုင်းက ပုဂံမြို့၊အောင်ချမ်းသာရှစ်မျက်နှာဘုရား၊မြို့လယ်ဓမ္မာရုံမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထပ်မံတောင်းဆိုလိုက်ပါတယ်။

ရှေးဟောင်းစေတီပုထိုးတွေအနီးမှာ ဒီနေ့အချိန်ထိ ဟိုတယ်တွေ ဆောက်ခွင့်ပေးတဲ့အပြင် ဘုရားတွေကို ခြံခတ်ထားတဲ့အတွက်လည်း ဘုရားဖူးတွေအနေနဲ့ရော ဒေသနေတွေအတွက်ပါ လေ့လာဖူးမျှော်ဖို့ အခက်အခဲတွေလည်းရှိနေပါတယ်။

ဒေသခံတွေအနေနဲ့ အဆောက်အဦ ပြင်ဆောက်တာ၊ဝင်းခြံကာရံတာတွေကို ရှေး/ဟောင်းက တားဆီး အရေးယူတာတွေလုပ်နေပေမယ့် ရှေးဟောင်းအမွေအနှစ်ဘုရားတွေကို ဝင်းခတ်ဟိုတယ်ဆောက် ခွင့်ပြုနေတာကိုတော့ တားဆီးအရေးယူမှုတွေမရှိဘူးလို့ Save Bagan အဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမျိုးဆက်စံကပြောပါတယ်။

"ဒေသခံတွေ မဖြစ်စလောက်လုပ်တဲ့ဟာကိုကျတော့ ဟိုဟာဖျက် ဒီဟာဖျက် အရေးယူနဲ့ ရှေးဟောင်းက လုပ်နေတယ်။ ပုဂံရှေးဟောင်းဘုရားတွေကို ဝန်းခတ်ပြီး ဟိုတယ်ဖွင့်နေတဲ့သူတွေကျ အရေးမယူတာ ဘာကြောင့်လဲ။ရှေးဟောင်းက ခွင့်ပြုပေးတာ လာဘ်စားထားလို့ဆိုတာ သိသာနေတယ်။ ဥပဒေကို သရေကွင်းလို ချံ့လိုက်ချဲ့လိုက်လုပ်နေတယ်။တစ်ချို့ ခြံဝင်းတွေဆိုရင် နိုင်ငံခြားသားက အမည် ဖောက်ထားတာတွေတောင် ရှိနေတယ်။"လို့ သူကဆက်ပြောပါတယ်။

အခုလို ပုဂံဒေသမှာ ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း နှုတ်ဆိတ် နေသလို အစိုးရအဖွဲ့ကလည်း ဖြေရှင်းပေးတာမရှိဘူးလို့ သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသူတွေက ဆိုပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကိုတက်ရောက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ခဲ့ကြခြင်းမရှိပါဘူး။

"ကျွန်တော်တို့ တောင်းဆိုထားတာတွေကို သက်ဆိုင်ရာ အစိုးရကလည်း ဘာမှလုပ်မပေးဘူး။ ဥပဒေမဲ့ လုပ်နေတာတွေကို ခွင့်ပြုထားတယ်။ ကျွန်တော်တို့ တောင်းဆိုထားတာက ပုဂံဒေသမှာရှိတဲ့ ရှေးဟောင်း ယဉ်ကျေးမှုတွေ မပျောက်ပျက်ဖို့နဲ့ ဒေသခံတွေ လူနေမှုဘဝ အဆင့်မြင့်ဖို့အတွက်ဖြစ်တယ်။"လို့ Save Bagan အဖွဲ့က ဦးမြင့်ဇော်က ပြောပါတယ်။

(၁) ပုဂံ၊ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ဥပဒေနှင့်မညီညွှတ်သော ခေတ်သစ် အဆောက်အဦများနှင့် ခြံခတ်သိမ်းပိုက်ထားသော မြေနေရာများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရေး (၂) တားဆီးပိတ်ပင်ခံထားရသော ဒေသခံများ၏ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းများ အလုံးစုံအား ဥပဒေနှင့်အညီ အမြန်ဆုံးလမ်းဖွင့်ဆောင်ရွက်ပေးရေး (၃) ဒေသတွင်း ရှေးဟောင်းအမွေအနှစ်များ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကျွမ်းကျင်ပညာရှင်များအား ဦးဆောင်စေ၍ ဒေသခံများနှင့် သက်ဆိုင်ရာ NGO အဖွဲ့အစည်းများအား ပွင့်လင်းမြင်သာစွာ တင်ပြသိရှိခွင့်ရရှိရေး (၄) ဒေသတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ကျူးကျော်သိမ်းဆည်းခံမြေနေရာများအား (အများပိုင်မြေ၊ အများပိုင်လမ်းနယ် လယ်ယာမြေများအား) ဥပဒေနှင့်အညီ ပြန်လည်စစ်ဆောင်ရွက်ပေးရေး (၅) ဧရာဝတီမြစ်ကမ်းတစ်လျှောက် တာဖို့ဘောင်ခတ်ထားသော နေရာများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရေး ဆိုတဲ့ တောင်းဆိုချက် ၅ ချက်ကို ဒေသနေပြည်သူတွေက လက်မှတ်ထိုးတောင်းဆိုထား တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly