တောင်ဥက္ကလာပမြို့နယ် ဒေသခံများ ကန့်ကွက်ထားသည့် ဓာတ်‌ဆီဆိုင် တရားဝင်လိုင်စင်ချထားပေးခြင်း မရှိသေးဟုဆို

တောင်ဥက္ကလာပမြို့နယ် ဒေသခံများ ကန့်ကွက်ထားသည့် ဓာတ်‌ဆီဆိုင် တရားဝင်လိုင်စင်ချထားပေးခြင်း မရှိသေးဟုဆို

ရန်ကုန် ဇွန် ၆ ။              ။ တောင်‌ဥက္ကလာပမြို့နယ်‌တွင် အသစ်ဆောက်လုပ်နေသည့် City Energy ဓာတ်‌ဆီဆိုင်သည် ပြည်ထောင်စုအစိုးရမှ လုပ်ငန်းစိစစ်ဆဲသာဖြစ်ပြီး  တရားဝင်လိုင်စင်ချထားပေးခြင်းမရှိသေးကြောင်း နှင့် တရားဝင်လိုင်စင်ချပေးပြီးဖြစ်သည်ဟု အစောပိုင်းတွင် နေရာဒေသလွွဲမှား ပြောဆိုခဲ့မိကြောင်း တောင်ဥက္ကလာပမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ပါရမီလမ်းနှင့် ပင်းယလမ်းအနီးတွင်‌ ဖွင်‌့လှစ်‌ရန် ပြင် ဆင်နေသည့် City Energy ဆီဆိုင်ကို ၂၀၁၇ ခုနှစ် ၅ လပိုင်းက တည်ဆောက်ခဲ့ခြင်းပြီး ရပ်ကွက်သူ ရပ်ကွက်သားများက မီး‌ဘေးအန္တရာယ်‌ကျ‌ရောက်‌‌စေနိုင်‌‌သည်‌ဟုဆိုကာ မေလ၂၀ရက်က  ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲအပြီးတွင် တောင်ဥက္ကလာပမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ယင်းကန့်ကွက်ခံရသည့် ဓါတ်ဆီဆိုင်ကို ပြည်ထောင်စုအစိုးရအဆင့်မှ တရားဝင်ခွင့်ပြုပြုချက်ပေးခဲ့ပြီးဖြစ်ကြောင်း မဇ္စျိမသို့ ပြောကြားခဲ့သည်။သို့သော် ဇွန်လ ၄ရက်နေ့တွင် ၄င်းအနေဖြင့် ဓါတ်ဆီဆိုင်နေရာဒေသ မှားယွင်းဖြေကြားခဲ့မိသည်ဟု မဇ္ဈိမသတင်းဋ္ဌာနသို့ ပြန်လည်အသိပေးခဲ့သည်။

လက်ရှိကန့်ကွက်ခံရသည့် ဓါတ်ဆီဆိုင်ကို  ပြည်ထောင်စုအစိုးရမှ လုပ်ငန်းစိစစ်ဆဲသာဖြစ်နေပါ၍ ထိုဓါတ်ဆီဆိုင်သည် တရားဝင်လိုင်စင်ချထားပေးခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောသည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၅ ရပ်ကွက်သူ ရပ်ကွက် သားများသည် City Energy ဆီဆိုင် ဖွင့်လှစ်ရန်ဆောက်လုပ်ခြင်းကို ၂၀၁၇ မေလ ၁၂ ရက်နေ့မှ စတင်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာဋ္ဌာနများသို့ စုပေါင်းလက်မှတ်ရေးထိုး တိုင်ကြားခဲ့သည်။

ထို့ပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပထမအကြိမ် ဆန္ဒဖော်ထုတ် ခဲ့သည်။ ယင်းနောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နေ့တွင် နိုင်ငံတော်သမ္မတရုံးက တင်ပြစာနှင့်စပ်လျဉ်း၍ လိုအပ်သလို ဆက် လက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့သော်လည်း ဆောင်ရွက် ပေးခြင်းမရှိဟုဆိုကာ ၂၀၁၈ ခုနှစ် ၄ လပိုင်းက ဒုတိယအကြိမ် City Energy ဓာတ်‌ဆီဆိုင်‌သစ်‌ ဖျက်‌သိမ်‌း‌ ပေး‌ရန် ပါရမီလမ်‌းနှင်‌့ ပင်‌းယလမ်‌းထိပ်‌တွင်‌ ဆန္ဒဖော်ထုတ် ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ City Energy ဓာတ်‌ဆီဆိုင်‌မှ တာဝန်ရှိသူများကို မဇ္ဈိမက ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖြေကြားခြင်းမရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly