မြန်မာ မျက်မမြင် အကြောပြင်သင်တန်း ၈ ကြိမ်မြောက် သင်တန်းဆင်းပွဲကျင်းပ

မြန်မာ မျက်မမြင် အကြောပြင်သင်တန်း ၈ ကြိမ်မြောက် သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်၊ ဇွန်လ ၆ ။                             ။  ဇွန်လ ၆ ရက်နေ့တွင်  ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၌ ၂ဝ၁၈ ခုနှစ်၊ နွေရာသီ ဂျပန်၊ မြန်မာ မျက်မမြင် အကြောပြင်သင်တန်း ၈ ကြိမ်မြောက် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား ၁၂ ဦးအား ၃ လသင်တန်းပြီးဆုံးကြောင်းလက်မှတ် ချီးမြှင့်ပေးခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင်  အမြင်အာရုံချို့တဲ့သူ ဦးရေ   ၉၆ ဦးအား အကြောပြင်ပညာ သင်ကြားပို့ချနိုင်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အမြင်အာရုံချို့တဲ့သူ သင်တန်းသားဦးရေ ၉၆ ဦးမှာ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်ထိ၊ ၈ ကြိမ်ထိ ဖွင့်လှစ်ခဲ့သည့် မျက်မမြင်အကြောပြင်သင်တန်းများမှ သင်ကြားပို့ချခဲ့သည့်  သင်တန်းသားအရေ အတွက်ဖြစ်သည်။

“ သူတို့ မိဘတွေက သူတို့ကို တစ်သက်လုံးပြုစုမစောင့်ရှောက်နိုင်ဘူးပေါ့။ အဲ့ဒါကြောင့် သူတို့မိဘတွေ မရှိရင်လည်း ကူညီစောင့်ရှောက်မယ့်သူ မရှိရင်လည်း ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်အောင် ဆိုပြီးတော့ သူတို့အတွက် ဒီအကြောပြင်သင်တန်းဟာ အသင့်တော်ဆုံးလို့ ထင်တဲ့အတွက် ဒီသင်တန်းလေးကို ဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးကြတာပါ”ဟု ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုထွန်းက ပြောသည်။

အဆိုပါ နွေရာသီ ဂျပန်၊ မြန်မာ မျက်မမြင်အကြောပြင်သင်တန်းကို မျက်မမြင်အကြောပြင်ပညာ ဖွံ့ဖြိုးတိုး တက်ရေး ဖောင်ဒေးရှင်းအဖွဲ့မှ ငွေကြေးပိုင်း အဓိကပံ့ပိုးပေးထားခြင်းဖြစ်ပြီး ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသားဟောင်းများအဖွဲ့မှ ပူးပေါင်းသင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

အကြောပြင်ပညာ သင်ကြားပေးသည့် ဆရာများမှာလည်း လက်ရှိ အကြောပြင်ဆေးကုသခန်းများတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာများ၊ ဝါရင့်အတွေ့အကြံုရှိသည့် ဆရာများက လာရောက်သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

“ ဒီသင်တန်းရွေးချယ်ပြီးတဲ့အချိန်မှာ သင်တန်းတက်မယ့် သင်တန်းသားတွေက သူတို့ ယုံကြည်မှု အားနည်းနေ သေးတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို သိမ်ငယ်တဲ့စိတ်တွေဝင်နေတယ်။ တချို့ကျတော့ ဉာဏ်ရည် ဉာဏ်သွေး ပိုင်းပေါ့။ တစ်ခါပြ၊ နှစ်ခါပြ သုံးလေးငါးခါ ပြလည်းမရတဲ့သူတွေ အဲ့ဒီလိုမျိုး မလိုက်နိုင်တဲ့ အနေအထားလေးတွေ အစပိုင်းမှာတော့ ရှိတယ်ပေါ့နော်။ နောက်ပိုင်းမှာ ကျွန်တော်တို့က တွန်းသင်တယ်။ ရအောင်လုပ်တယ်။ သုံးလကာလဖြစ်တဲ့အတွက် သင်တန်းပေးတာတော့ နည်းနည်းပြင်းတာပေါ့။ တစ်ပတ်၊ နှစ်ပတ်ပေးပြီးတဲ့အချိန် မှာ သူတို့အသားကျသွားတယ်”ဟု ကြည့်မြင်တိုင်မျက်မမြင် ကျောင်းသားဟောင်းများအဖွဲ့မှ အတွင်းရေးမှူး ဦးရဲထင်ကျော်က ပြောသည်။

အကြောပြင်ပညာဖြင့် ဖွင့်လှစ်ထားသည့် ဆေးကုခန်းများမှာ မြန်မာနိုင်ငံအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဆိုင်ခန်းပေါင်း ၅ဝ ကျော်ထိရှိနေပြီဖြစ်သည့်အတွက် အမြင်အာရုံချို့တဲ့သူ သင်တန်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်ကြောင်း ဦးရဲထင်ကျော် ပြောပြချက်အရ သိရသည်။

“ ဒီသင်တန်းကြီး လာမတက်ခင်ကတော့ပေါ့နော်။ ကိုယ့်အိမ်မှာကိုယ် နေတဲ့အချိန်မှာ အားငယ်ရတယ်။ ပြီး တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ လမ်းစပျောက်နေတယ်။ အခု ကျောင်းကြီးမှာ ဒီပညာရပ်ကိုလာ သင်ပြီးပြီဆိုတော့ ကိုယ်ဝမ်းစာအနေနဲ့ ရပ်တည်သွားနိုင်တာပေါ့”ဟု အကြောပြင်သင်တန်း တက်ရောက် ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်မှ မသီတာဝင်းကပြောသည်။

ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတွင် ဂျပန်ပညာရှင်အဖွဲ့မှ သင်ကြားပေးသည့် ၁ နှစ်သင်တန်းနှင့် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ဆရာ၊ ဆရာမများသင်ကြားပေးသည့် ၂ နှစ် သင်တန်းမှာ ပုံမှန်ဖွင့်လှစ်ထားပြီး ယခုကဲ့သို့ နွေရာသီသင်တန်းများကိုလည်း ပံ့ပိုးကူညီမှုရှိပါက ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ ပြီးခဲ့သည့် ၁၉၁၄ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်တွင် ၁ဝ၄ နှစ်သက်တမ်းရှိပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly