ရှမ်းပြည်နယ် ဘဏ္ဍာရေးနှင့် အခွွန်ဝန်ကြီးမှလွဲ၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးရှစ်ဦးရွေးကောက်ပွဲဝင်မည်

ရှမ်းပြည်နယ် ဘဏ္ဍာရေးနှင့် အခွွန်ဝန်ကြီးမှလွဲ၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးရှစ်ဦးရွေးကောက်ပွဲဝင်မည်

ရန်ကုန်၊ သြဂုတ် ၃၁ ။           ။ ရှမ်းပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးခွန်သိန်းမောင်မှလွဲ၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးရှစ်ဦးတို့မှာ ၂၀၁၅ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရန်ရွေးကောက် ပွဲကော်မရှင်သို့ အမည်စာရင်း တင်သွင်းထားသည်။

ရွေးကောက်ပွဲဝင်မည့် ဝန်ကြီးချုပ်အပါအဝင် ၉ ဦးအနက် ၆ ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုကြမည်ဖြစ်ပြီး တစ်သီးပုဂ္ဂလ ၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ)မှ တစ်ဦးဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုမည့်သူများနှင့် အခြေခံမည့် မဲဆန္ဒနယ် များမှာ ဝန်ကြီးချုပ် ဦးစစ်အောင်မြတ်(ခ) ဦးအောင်မြတ် ရွာငံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး (ဗိုလ်မှူးကြီး) ဦးအောင်သူ လားရှိုးမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့် ရပ်စောက်မြို့ နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကွမ်းလုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ အမျိုးသား လွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း မိုင်းပျဉ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) တို့ အသီးသီးဖြစ်သည်။

လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းထွန်းရင်သည် တစ်သီးပုဂ္ဂလအဖြစ် တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း (ခ) ဦးတင်ထွန်းအောင်သည် တစ်သီးပုဂ္ဂလအဖြစ် သီပေါမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ၌ လည်းကောင်း အသီးသီး ပြိုင်ကြမည်။

သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄) ၌ ဝင်ပြိုင်မည် ဖြစ်သည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီး ၉ ဦး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး (ပြည်နယ်အုပ်ချုပ်ရေးမှူး) နှင့် ရှမ်းပြည်နယ် ဥပဒေချုပ်တို့ဖြင့် ဖွဲ့စည်းထားကြောင်း ကမ္ဘောဇတိုင်း သတင်းဂျာနယ်နှင့် ဇူလိုင် ၂၀ ရက်နေ့၌ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly