သံချပ်ကာ ကားကို ခိုးယူမောင်းပြေးတဲ့ စစ်သားကြောင့် အမေရိကန်ရဲတပ်ဖွဲ့ ဗျာများခဲ့ရ

သံချပ်ကာ ကားကို ခိုးယူမောင်းပြေးတဲ့ စစ်သားကြောင့် အမေရိကန်ရဲတပ်ဖွဲ့ ဗျာများခဲ့ရ

ဇွန် ၆ ။          ။ စစ်ဘက်သုံး သံချပ်ကာ ကားတစ်စီးကို အပိုင်စီးပြီး မြို့ထဲလမ်းပေါ် မောင်းပြေးလာခဲ့တဲ့ စစ်သားတစ်ဦးကြောင့်  ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေ ဗျာများခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အရှေ့ပိုင်းမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

ရုပ်ရှင်ကားဆန်ဆန် ဖြစ်ခဲ့တဲ့ ယင်းဖြစ်စဉ်မှာတော့ မြို့တွင်း လမ်းတစ်လျှောက် မောင်းလာတဲ့ သံချပ်ကာ ကားတစ်စီးရဲ့ နောက်ကနေ  ရဲကားတွေတန်းစီပြီး လိုက်တားဆီးဖို့ ကြိုးစားခဲ့ရပါတယ်။

ထင်ရာစိုင်း လျှောက်မောင်းလာတဲ့ သံချပ်ကာ ကားဟာ မြို့တွင်းလမ်းတွေက အချက်ပြမီးပွိုင့်တွေမှာတောင် မရပ်ဘဲ တောက်လျှောက် မောင်းလာတဲ့အတွက် ယင်းကားနောက်ကနေလည်း ရဲကားတွေက ဥသြဆွဲပြီး အသည်းအသန် လိုက်ခဲ့ကြပါတယ်။

ဒီနေရာမှာ ပြည်နယ်ရဲတွေအနေနဲ့ ကားတာယာတွေ ထိုးခွဲဖို့အတွက် သုံးနိုင်တဲ့ ဆူးတွေကိုတော့ လမ်းတွေမှာ ဖြန့်ကျက်နိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီအစား စစ်ဘက်သုံး ယာဉ်နောက်ကိုပဲ ထပ်ချပ်မကွာ လိုက်နေခဲ့ပါတယ်။

" ဒီမြင်ကွင်းမျိုးကို မြင်ရတော့ တော်တော်လေး ထူးဆန်းနေပါတယ်၊ တစ်ယောက်ယောက်ကတော့ တင့်ကားလိုမျိုး စစ်သုံးယာဉ်တစ်စီးကို အပိုင်စီးလိုက်ပြီဟေ့" ဆိုပြီး တွစ်တာသုံးသူတစ်ဦးက ရေးသားခဲ့ပါတယ်။

အဆိုပါ မောင်းပြေးလာတဲ့ သံချပ်ကာ ကားမှာတော့ ဘာလက်နက်မှ တပ်ဆင်ထားခြင်းမရှိကြောင်းနဲ့ ယင်းဟာ ပြည်နယ်ရဲ့ အမျိုးသားအစောင့်တပ် အခြေစိုက်စခန်းက ယာဉ်တစ်စီးဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ကီးလီ ဟီ်လ်က ပြောပါတယ်။

ယင်းကဲ့သို့ သံချပ်ကာ ယာဉ်ကို ရပ်ခိုင်းဖို့ ကြိုးစားခဲ့ရမှုမှာ ရဲတွေက လမ်းရဲ့ လမ်းဖြတ်ခုံးတွေကို ကြိုတင် ပိတ်ဆို့ခဲ့ရပါတယ်။

တစ်နာရီလောက် ကြာပြီး နောက်ဆုံးမှာတော့ သံချပ်ကာ ယာဉ်ပေါ်က စစ်သားဟာ ယာဉ်ကို ရပ်တန့်ပြီး အသာတကြည် အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly