ခရိုင်အဆင့်အားကစားကွင်းဆောက်ရန် လှိုင်မြို့နယ် မီးလောင်ပြင်ကို မြေသိမ်းအဆိုတင်ထား

ခရိုင်အဆင့်အားကစားကွင်းဆောက်ရန် လှိုင်မြို့နယ် မီးလောင်ပြင်ကို မြေသိမ်းအဆိုတင်ထား

 

ရန်ကုန်၊ ဇွန်လ ၆ ရက် ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မီးလောင်မြေနေရာကို ခရိုင်အဆင့်အားကစားကွင်းတည်ဆောက်နိုင်ရန်အတွက် မြေသိမ်းရန်အဆို တင်သွင်ထားကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ဇွန်လ ၆ရက်နေ့တွင် လူမှုရေးဝန်ကြီး ဦးနို်င်ငံလင်းက ပြောသည်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက်အတွင်းရှိ ယခင်မီးလောင်မြေအား အနောက်ပိုင်းခရိုင်ဘောလုံးအားကစားကွင်းအဖြစ် စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ စီမံဆောင်ရွက် မပေးနိုင်ပါက ဘောလုံးအားကစားကွင်းမြေနေရာရရှိရေး မည်သို့စီမံဆောင်ရွက်ပေးမည်၊   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ   ဘောလုံးကွင်းများကို   နိုင်ငံတော်မှမည်သည့်သဘောတူညီချက်များနှင့် လွှဲပြောင်းတာဝန်ပေးထားသည်ကို ပြည့်စုံစွာသိလိုကြောင်း ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မေးမြန်းခဲ့ခြင်းဖြစ်သည်။

"တကယ်တော့ကျွန်တော်တို့နိုင်ငံမှာ အားကစားဖွံ့ဖြိုးရေးအတွက် မြန်မာ့အားကစားကမ္ဘာကိုလွှမ်းစေရမည်ဆိုတဲ့ ဆောင်ပုဒ်ကိုချမှတ်ပြီးတော့ ဆောင်ရွက်ခဲ့ပေမယ့်လို့ ယနေ့လူငယ်များဟာ ကစားစရာအားကစားကွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိတဲ့မြို့တိုင်းမှာသော်လည်းကောင်း၊ အနယ်နယ်အရပ်ရပ်မှာရှိတဲ့မြို့များမှာသော်လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တွေမှာ အားကစားကွင်းတစ်ကွင်းမှမရှိတဲ့မြို့နယ်တွေလည်းပဲ ရှိနေဆဲဖြစ်ပါတယ်" ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်တွင်ပြောသည်။

ထို့အပြင် အဆင့်မှီဘောလုံးအားကစားကွင်းများသည် မီတာ ၄၀၀ ပြေးလမ်းပါရှိရမည်ဟု သိထားကြောင်း ဦးကျော်ဇေယျက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနအနေဖြင့် မြို့နယ်၊ ရပ်ကွက်များတစ်ခုစီတွင် အားကစားကွင်းများတည်ဆောက်ရေးဆောင်ရွက်နေပြီး အားကစားကွင်းပေါင်း ၁၃၁ ကွင်းအထိ တည်ဆောက်ထိန်းသိမ်းခဲ့ပြီးဖြစ်သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဆိုသည်။ ခရိုင်အဆင့် အားကစားကွင်းများတည်ဆောက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ပါ၀င်ဆောင်ရွက်ရသည်ဟုလည်း ၄င်းကပြောသည်။

"ကြယ်ပွင့်ပြမေးခွန်းပါမြေသည် မြို့မြေစာရင်းအရလက်ရှိအချိန်တွင် မရှီးဒီးခန်း အမည်ပေါက်ဖြစ်၍ အများပြည်သူအကျိုးငှာ မြေသိမ်းဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် YCDC မှ တာဝန်ခံပြီး ပြည်ထဲရေးဝန်ကြီးဌာနသို့ မြေသိမ်းအဆိုပြု၊ တင်ပြထားရှိပြီးဖြစ်ပါတယ်။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနသို့ မြေလွှဲပြောင်းပေးအပ်ပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာဖြေကြားအပ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဖြေခဲ့သည်။

လက်ရှိအချိန်တွက် မြေပိုင်ရှင် မရှီးဒီးခန်း၏ မိသားစုဝင်များသည် ၄င်းမြေနေရာကို အမွေဆက်ခံခွင့် တောင်းဆိုထားသဖြင့် ခရိုင်အဆင့်အဖွဲ့များမှ စီစစ်နေပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုယ်စား YCDC မှ မြေသိမ်းအဆိုပြုလွှာ တင်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခုအနက် အနောက်ပိုင်းခရိုင်တွင် ခရိုင်အဆင့် အားကစားကွင်းမရှိသေးဘဲ ခရိုင်အဆင့်မဟုတ်သည့် ဘောလုံးကွင်းများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ လွှဲပြောင်းထားသည်။ ၄င်းဘောလုံးကွင်းများဖြစ်သည့် အောင်ဆန်းဘောလုံးကွင်း၊ စလင်းဘောလုံးကွင်းနှင့် ပဒုမ္မာဘောလုံးကွင်းများကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှစ၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ကနဦး ၃ နှစ်တာကို အခမဲ့ငှားရမ်းခဲ့သည်။ ၄င်းနောက် ပဒုမ္မာကွင်းကို တစ်နှစ်လျှင် ကျပ်သိန်း ၃၀၊ အောင်ဆန်းကွင်းနှင့် စလင်းကွင်းကို တစ်နှစ်လျှင် ကျပ်သိန်း ၅၀ စီ ဖြင့် ၅နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုကာ နှစ် ၃၀ စာ ငှားရမ်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly