စပိန်ဝန်ကြီးချုပ်အပေါ် အခဲမကျေမှုကိုပြသခဲ့တဲ့ ဂိုးသမားဒီဂီယာ

စပိန်ဝန်ကြီးချုပ်အပေါ် အခဲမကျေမှုကိုပြသခဲ့တဲ့ ဂိုးသမားဒီဂီယာ

 

ဇွန် ၆၊ ရိုဟာ။                   ။ ဂိုးသမားဒီဂီယာဟာ ကမ္ဘာ့ဖလားမတိုင်မီ စပိန်လက်ရွေးစင်အသင်းကို အားပေးနှုတ်ဆက်စကားပြောဖို့ ရောက်ရှိလာတဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်အပေါ် သူ့ရဲ့အခဲမကျေမှုကို ပြသခဲ့တယ်လို့ အယ်မန်ဒို သတင်းမှာဖော်ပြထားပါတယ်။

စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဟာ ယမန်နေ့က စပိန်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပြီး ကစားသမား ၂၃ ဦးအပြင်  နည်းပြအဖွဲ့ဝင်တွေနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့ကိုပါ အားပေးမေးခွန့်စကား အနည်းငယ်ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့အားပေးစကားပြောဆိုမှုအပြီးမှာ အားလုံးလက်ခုပ်တီးခဲ့ပေမယ့် ဂိုးသမားဒီဂီယာကတော့ လက်ခုပ်မတီးဘဲနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူရို ၂၀၁၆ ပြိုင်ပွဲကာလတုန်းက ပက်ဒရိုဆန်းချက်ဇ်ရဲ့ မှတ်ချက်စကားတစ်ခွန်းကြောင့်ပါ။

အဲဒီတုန်းက ဒီဂီယာဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြဿနာတစ်ခုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး နာမည်ထွက်ခဲ့ပါတယ်။ ဒါကြောင့် ပက်ဒရိုဆန်းချက်ဇ်က “ဒီဂီယာရဲ့နာမည်ကို စပိန်လက်ရွေးစင်အသင်း လူစာရင်းမှာမြင်တွေ့ရတာ စိတ်မသက်မသာ ဖြစ်ရတယ်”လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့နောက်ပိုင်းမှာ စစ်ဆေးမှုရလဒ်တွေအရ ဒီဂီယာပါဝင်ပတ်သက်မှုမရှိကြောင်း ပေါ်ပေါက်လာခဲ့ပေမယ့် တောင်းပန်မှုတော့ လက်ခံရရှိခြင်း မရှိခဲ့ပါဘူး။ ဒီဂီယာဟာ အဲဒီအဖြစ်အပျက်ကို မမေ့သေးတဲ့ပုံပေါ်ခဲ့ပါတယ်။

အခုလိုအပြုအမူနဲ့ကြံုတွေ့ရပြီးနောက်မှာတော့ ဝန်ကြီးချုပ်ဟာ ဒီဂီယာကို တစ်ဦးချင်း ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြေလည်သွားခဲ့တယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။

“ဒီဂီယာရဲ့ ကိစ္စက ကောင်းကောင်းမွန်မွန်ပဲ ဖြေရှင်းပြီးစီးသွားခဲ့ပါတယ်။ ပက်ဒရိုဆန်းချက်ဇ်ဟာ ချစ်ခင်ရင်းနှီးစွာနဲ့ပဲ ဒီဂီယာကို ပြောဆိုဆက်ဆံခဲ့ပြီး ပြဿနာတွေကိုဖြေရှင်းနိုင်ခဲ့တာကိုတွေ့ရတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုခဲ့ပါတယ်။

သူ့ရဲ့ နှိမ့်ချတတ်တဲ့စိတ်သဘောထားကို ပြသခဲ့တာပါ”လို့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်က ဆိုခဲ့ပါတယ်။

Ref; Elmundo.es

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly