မင်းကင်းအမတ်ပြောဆိုချက်နှင့်ပတ်သက်ပြီး Supreme Trading ဘက်မှ ဥပဒေနှင့်အညီ တုန့်ပြန်သွားမည်

မင်းကင်းအမတ်ပြောဆိုချက်နှင့်ပတ်သက်ပြီး Supreme Trading ဘက်မှ ဥပဒေနှင့်အညီ တုန့်ပြန်သွားမည်
LNG သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် လုပ်ငန်းဆောင်ရွက်ခွင့်ကို အစိုးရနှင့်ကုမ္ပဏီများအကြား လက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ- MOEE)

ရန်ကုန် ၊ ဇွန် ၆ ။           ။ Supreme Trading ကုမ္ပဏီနှင့် ပတ်သက်ပြီး မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၏ ပြောဆိုချက်များသည် မှန်ကန်မှုမရှိကြောင်းနှင့် ဥပဒေနှင့်အညီ လိုအပ်သလို ဆောင်ရွက်သွားမည် Supreme Trading ကုမ္ပဏီ ဘက်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က စီမံကိန်းလေးခုကို တင်ဒါမခေါ်ဘဲ ပေးခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့သည်။

ယင်းစီမံကိန်းလေးခုအနက် နှစ်ခုကိုလုပ်ပိုင်ခွင့်ရရှိခဲ့သည့် Supreme Trading ကုမ္ပဏီသည် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၏ ဇနီးနှင့် ဆက်စပ်မှုရှိသလို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဦးဝင်းခိုင် ပိုင်ဆိုင်သည့် UE Myanmar ကုမ္ပဏီနှင့် ပူးပေါင်းထားခြင်းဖြစ်ကြောင်း ကြားသိနေရသည်ဟုလည်း ယခင်အစိုးရလက်ထက်က စက်မှုဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးမောင်မြင့်က ပြောထားခဲ့သည်။

ဇွန်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးရပ်နားချိန်တွင် ဦးမောင်မြင့်က “အခု ရတဲ့ ကုမ္ပဏီတွေထဲမှာ Supreme ဆိုတာ မြန်မာကုမ္ပဏီ၊ အဲဒီမှာ ဥက္ကဌ ဦးစိန်မြင့်ဆိုတာ ငါနဲ့လည်း သိတယ်။ လူချင်းခင်တာက ခင်တာတပိုင်းပဲ။ လုပ်လို့မရဘူး။ သူက နှစ်ခါရတယ်။ ဟိုမှာလည်း တခါရတယ်။ ပေါင်းရတာပေါ့။ အဲဒီ Supreme မှာ အခု ပြုတ်သွားတဲ့ ဦးကျော်ဝင်းရဲ့ မိန်းမ လုပ်တာ။ ဒါကြောင့်မိုလို့ ရတာ။ ဒါတည့်တည့် ပြောတာ။ အဲ့ဒီ Supreme နဲ့ အခု ဝန်ကြီးပို််င်တဲ့ UE တို့ နောက်ကွယ်မှာ ပေါင်းထားတယ်လို့ ပြောတယ်။ ဝန်ကြီးရဲ့ ဖြေကြားချက်ကို လုံးဝ မကျေနပ်ဘူး” ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။

မင်းကင်းအမတ် ဦးမောင်မြင့်၏ ပြောကြားချက်များသည် Supreme Trading ကုမ္ပဏီ ဥက္ကဌ  ပါမောက္ခ ဒေါက်တာစိန်မြင့် နှင့် ပတ်သက်ပြီး လုံးဝမှန်ကန်မှုမရှိကြောင်းနှင့် ကုမ္ပဏီဘက်မှ အခွင့်အရေးရှိသည်နှင့်အညီ တိုင်ပင်ညှိနှိုင်းပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Supreme Trading ကုမ္ပဏီနှင့် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၏ ဇနီးတို့ ဆက်စပ်မှုရှိမရှိဆိုသည်ကို မဇ္စျိမမှ သီးခြားအတည်မပြုနိုင်သေးပေ။

ဝန်ကြီးဌာနကခွင့်ပြုထားသောစီမံကိန်းလေးခုသည် ၂၀၂၀ ဝန်းကျင်ကာလတွင် စွမ်းအင်လိုအပ်ချက်အရ နိုင်ငံတော် အတွက် အထူးအရေးကြီး လိုအပ်နေသော လျှပ်စစ်ဓါတ်အား ပမာဏအား တစ်တပ်တစ်အား ဖြည့်ဆည်းပေးနိုင်မည့် စီမံကိန်းများ ဖြစ်သည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်၌ ဆွေးနွေးခဲ့သည့် စီမံကိန်း လေးခုသည် တနင်္သာရီတိုင်း ကန်ပေါက်ဒေသ၊ ဧရာဝတီတိုင်း မီးလောင်ဂျိုင့်ဒေသ၊ ရန်ကုန်တိုင်း အလုံမြို့နယ်တို့တွင် အကောင်အထည်ဖော်မည့် သဘာဝဓာတ်ငွေ့ရည်(LNG)စီမံကိန်း သုံးခုနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဆောင်ရွက်မည့် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံ စီမံကိန်းတို့ဖြစ်သည်။

မင်းကင်းမြို့နယ် အမတ် ဦးမောင်မြင့်က ယင်းစီမံကိန်းများကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ပိုင်ခွင့် ချထားပေးခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဦးဝင်းခိုင်က စီးပွားရေးရာကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်(၉/၂၀၁၇)အရ နိုင်ငံတော်နှင့် တိုင်း၊ ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းနိုင်မှုအပေါ် မူတည်၍ တင်ဒါလုပ်ငန်းစဉ် မလိုအပ်ဘဲ စိစစ်ခွင့်ပြုနိုင်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်ဟု တုံ့ပြန်ထားသည်။

Supreme Trading ကုမ္ပဏီကိုရန်ကုန်နည်းပညာတက္ကသိုလ်၊ရေနံအင်ဂျင်နီယာဌာန၏ ယခင်ပါမောက္ခဌာနမှူး၊ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်း၏ နာယက၊ အကြံပေး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၏ နာယက၊ ASEAN Academy of Engineering & Technology (AAET)၏ တည်ထောင်အဖွဲ့ဝင်နှင့် ဒုတိယဥက္ကဋ္ဌပါမောက္ခဒေါက်တာစိန်မြင့်က၂၀၀၅ တွင် စတင်တည်ထောင်ခဲ့ကြောင်း ကုမ္ပဏီထုတ်ပြန်ချက်၌ ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly