လေးမျက်နှာမြို့တွင် အရည်အသွေးမမီ ကျောင်းစာသင်ခုံများအား လက်ခံထားမှုကို အရေးယူမည်

လေးမျက်နှာမြို့တွင် အရည်အသွေးမမီ ကျောင်းစာသင်ခုံများအား လက်ခံထားမှုကို အရေးယူမည်
ဓာတ်ပုံ-ဦးစိုးခိုင်

ပုသိမ်၊ ဇွန်လ ၅ ။            ။ လေးမျက်နှာမြို့နယ်ရှိ ကျောင်းများအတွက် ပေးပို့လိုက်သော အရည်အသွေးမမီ စာသင်ခုံများကို လက်ခံထား သည့် အရည်အသွေးစီစစ်ရေးကော်မတီအား အရေးယူသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ ပြောသည်။

" လေးမျက်နှာမြို့နယ်က ရထားတဲ့ခုံတွေက အရည်အသွေးမမီဘူး။ သတ်မှတ်စံချိန်စံညွန်းနဲ့ မညီဘူး။ တင်ပြထားတာရှိတယ်၊ မြန်အောင်က ကိုယ်စားလှယ်ကလည်း နှုတ်နဲ့ တင်ပြထားတာရှိတယ်။ ကုမ္ပဏီတွေက ခုံတွေလာပို့တဲ့အခါမှာ မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီဆိုတာ ရှိပါတယ်။ မြို့နယ်ပညာရေးမှူးက ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်ပညာရေးမှူးတွေက အတွင်းအရေးမှူးတွေ ဖြစ်တယ်” ဟု တိုင်းလူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောသည်။

အရည်အသွေးစစ်ဆေးရေးကော်မတီများအနေဖြင့် ခုံများလာပို့သောအခါမှာ စိစစ်ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီမှသာ လက်ခံရန် ညွန်ကြားထားခြင်း ဖြစ်ကာ သတ်မှတ်စံချိန်စံနှုန်း အရည်အသွေးမမှီဘဲ ကျောင်း စာသင်ခုံများအား အရည်အသွေး စိစစ်ရေးကော်မတီမှ လက်ခံထားခြင်း ဖြစ်သည်။

အဆိုပါ စာသင်ခုံများမှာ ဟင်္သာတခရိုင်ရှိ ကျောင်းစာသင်ခုံများအား တင်ဒါအောင်မြင်ထားသော ဆန်းသစ်ထွန်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်ပြီး ညွှန်ကြားထားသည့်သစ်မာအစား သစ်မျိုးစုံကို အသုံးပြုထား ကြောင်း တွေ့ရှိရသည်ဟု လေးမျက်နှာမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်က ဆိုသည်။

"ခုံတွေက တော်တော်ညံတယ်။ သုံးမဲ့သစ်အမျိုးအစားမှာ သစ်မာနဲ့ သုံးရမယ်လို့ပြောတယ်။ သုံးထားတာ သစ်မျိုးစုံဆိုဒ် သုံးထားတယ်။ ခုံတွေက ရောက်ပြိး ကျိုးပဲ့နေတာ တွေ့ရတယ်။ သံတွေရိုက်ထားတာလည်း တလွဲတွေ၊ ရတဲ့လက်ရာတွေ ည့ံတယ်။ အဲဒါကို ကျွန်တော်က တိုင်းပညာရေးမှူးကို သွားပြောတယ်။ အဲဒီ ကုမ္ပဏီက ဟင်္သာတခရိုင်မှာ ကျောင်းခုံတွေ တင်ဒါအောင်ထားတဲ့ကုမ္ပဏီ ဖြစ်နေတယ်”ဟု လေးမျက်နှာ မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစိုးခိုင်က ပြောသည်။

လက်ရှိအချိန်တွင် လေးမျက်နှာမြို့နယ်၊ အခြေခံပညာစာသင်ကျောင်းများရှိ စာသင်ခုံများမှာ ကျောင်းသား၊ ကျောင်းသူများ အသုံးပြုရန် အဆင်မပြေဖြစ်နေပြီး ကျောင်းလွယ်အိတ်များကို ခုံအောက်တွင် ပုံချထားရ ကြောင်း သိရသည်။

စာသင်ခုံများနှင့်ပတ်သက်ပြီး ဆန်းသစ်ထွန်းကုမ္ပဏီအား ဆက်သွယ်မေးမြန်းရာ"လေးမျက်နှာမြို့နယ်မှာ ခုံတွေကို အကုန် ပြန်လဲပေးမယ်၊ လွှတ်တော်ကိုယ်စားလှယ် ကျေနပ်တဲ့ အထိ၊ကျွန်တော်ကို ပညာရေးဌာနက အကြောင်းကြား ထားပါတယ်”ဟု ဆန်းသစ်ထွန်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းကျော်က မဇ္ဈိမသို့ ပြောသည်။

ဟင်္သာတခရိုင်တွင် ကျောင်းများတွင် လေးယောက်ထိုင်စာသင်ခုံ အနိမ့် ၉၀၀ နှင့်စာသင်ခုံအမြင့် ၉၈၀ လုံးအား ကျပ်သန်း ၈၂.၇၆ဖြင့် ၂၀၁၇-၁၈ ဘတ်ဂျက်နှစ်တွင် ဆန်းသစ်ထွန်းကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

"နမူနာခုံတွေအတ်ိုင်း မဟုတ်ဘဲ၊ Drawing အတိုင်းမဟုတ်ဘဲ ၊ အရည်အသွေးမမှီဘဲ  ပို့လာတဲ့ ကုမ္ပဏီ အနေနဲ့ သတ်မှတ်စံချိန်စံနှုန်းအတိုင်း ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ သတ်မှတ်ချိန် ကျောင်းဖွင့်ချိန်မှာ မရဘူးဆိုရင် နောက်ကျနေတဲ့အချိန်အတွက်ကို ပထမလအတွက် ပေးသွင်းရမှာ။ ကျန်တဲ့ တစ်ရာနှုန်း၊ ဒုတိယလမှာ မပေးသွင်းနိုင်သေးရင် ပေးသွင်းရမှာကျန်တဲ့ နှစ်ရာခိုင်နှုန်းကို   နောက်ကျကြေး ပေးသွင်းရမယ်။ တတိယလမှာ မသွေင်းနိုင်သေးရင် ကျန်တဲ့ သုံးရာခိုင်နှုန်းကို နောက်ကျကြေးပေးသွင်းရမယ်၊စံချိန်စံနှုန်းအတိုင်း ပြန်လည် ပြင်ဆင်မပေးဘူးဆိုရင် ကုမ္ပဏီကို ပထမအဆင့်အနေနဲ့တရားစွဲပြီး၊ဒုတိယအဆင့်အနေနဲ့ နာမည်ပျက်စာရင်းကို တိုင်းအတွင်းမှာသွားမယ်၊ တတိယအဆင့်အနေနဲ့ နာမည်ပျက်စာရင်းကို ပြည်နယ်နှင့် တိုင်း အားလုံးကို ပေးပို့ မယ်”ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမ သို့ ကုမ္ပဏီနှင့်ပတ်သက်ပြီး ပြောသည်။

ဟင်္သာတခရိုင်အတွင်းရှိ လေးမျက်နှာမြို့နယ်ရှိ စာသင်ခုံအပါအဝင် မြန်အောင်မြို့နယ် ကျောင်းစာသင်ခုံများပါ အရည်အသွေးမမှီ ဖြစ်နေပြီး တိုင်းအစိုးရမှ ဟင်္သာတခရိုင်အတွင်းမှ  ဟင်္သာတ၊ ကြံခင်း၊ ဇလွန်၊ အင်္ဂပူ မြို့နယ်များရှိ စာသင်ခုံများကိုပါ စစ်ဆေးသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly