ကိုလိုနီခေတ်အဆောက်အဦများကို ဒို့အိမ်ဖောင်ဒေးရှင်းမှ ရှေးမူမပျက် ထိန်းသိမ်းပေးနေ

ကိုလိုနီခေတ်အဆောက်အဦများကို ဒို့အိမ်ဖောင်ဒေးရှင်းမှ ရှေးမူမပျက် ထိန်းသိမ်းပေးနေ
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၅ ရက် ။             ။ ရန်ကုန်မြို့ရှိ ရှေးဟောင်းကိုလိုနီခေတ်လက်ရာဖြစ်သော၊  နှစ်တစ်ရာကျော်သက်တမ်းရှိ နေအိမ်အဆောက်အဦဟောင်းများကို ဒို့အိမ်ဖောင်ဒေးရှင်းမှ ရှေးမူမပျက် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်ပေးနေကြောင်း သိရသည်။

" နေအိမ်ရဲ့ ရှေးမူမပျက်အောင် ထိန်းသိမ်းထားပြီး အင်တာနေရှင်နယ်အဆင့်မီ ပြန်လည်ပြုပြင်ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်။ ၅ နှစ်စာချုပ်နဲ့ ပိုက်ဆံစိုက်ထုတ်ပြီး ပြင်ပေးတာဖြစ်ပြီး   ပြုပြင်ဆောက်လုပ်ရေးမှ ရတဲ့ အကျိုးအမြတ်တစ်ခုကို နောက်ဖေးလမ်းကြားများ ပြန်လည်ပြုပြင်ခြင်းပရောဂျက်များတွင် ပါ၀င်အသုံးပြုနေတာ ဖြစ်ပါတယ်" ဟု ဒို့အိမ်ဖောင်ဒေးရှင်၏ ဗိသုကာပညာရှင် ကိုထွန်းရဲဝေက ဇွန်လ ၄ ရက်က ပြောသည်။

ရှေးဟောင်းအဆောက်အဦများကို ထိန်းသိမ်းရာတွင် ရှေးမူမပျက်ဖြစ်သော်လည်း အသုံးအဆောင်၊ ပြုပြင်မွမ်းမံ သည်များ ခေတ်မီပုံစံများ ပြင်ဆင်ပေးထားခြင်း တွေ့ရသည်။

လက်ရှိ ရန်ကုန်မြို့တွင် ခေတ်မီအဆောက်အဦများ တိုးချဲ့ဆောက်လုပ်လာသည်မှာ များပြားနေပြီး အဆောက် အဦအဟောာင်းများကို ထိန်းသိမ်းခြင်းထက် ဖြိုချကာ အသစ်ဆောက်လုပ်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ရှေးဟောင်းနေအိမ်တိုက်ခန်းများနေရာတွင် နေအိမ်တိုက်ခန်းအသစ်များ အစားထိုး ဆောက်လုပ်နေခြင်းထက် ရှေးဟောင်းဗိသုကာများမပျောက်ပျက်ဘဲ နေအိမ်ကို   ပြန်လည်ပြုပြင်ခွင့်ရနိုင်အောင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း ဒို့အိမ်အဖွဲ့မှ သိရသည်။

နေအိမ်ပြန်လည်ပြုပြင်ရန် လက်တွဲဆောင်ရွက်ရသည့်အပေါ် ကျေနပ်အားရမှု ရှိကြောင်း ၄၄ လမ်းမှ နေအိမ် ပိုင်ရှင်တစ်ဦးက  ပြောသည်။

"  ဒို့အိမ်ပရောဂျက်ကို လေ့လာကြည့်တဲ့အခါမှာ အစ်မအနေနဲ့ သဘောကျမိတာလေးက ရရှိလာတဲ့ အကျိုးအမြတ်ကနေပြီး  ၅၀% နှုန်းကို ရန်ကုန်မြို့ပြစီမံကိန်းဖြစ်တဲ့ နောက်ဖေးလမ်းကြားတွေကို ပြန်လည် ပြုပြင်ပြီး လူအများပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်နေလို့ သဘောကျမိပါတယ် ။ အကျိုးအမြတ်ကို အဓိကမထားဘဲ နှလုံးသားချင်း နားလည်မှုနဲ့ အလုပ်လုပ်ကြမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တာပါ ။ ဒို့အိမ်နဲ့ ချုပ်ဆို ထားတဲ့ ၅ နှစ်စာချုပ်ပြည့်သွားရင် အစ်မတို့မိသားစု အရင်လိုပြန်နေထိုင်လို့ နိုင်ပြီ" ဟု အိမ်ပိုင်ရှင် မမြင့်သီတာ က ပြောခဲ့သည် ။

အဆိုပါ ဒို့အိမ်ဖောင်ဒေးရှင်းနှင့် အိမ်ပိုင်ရှင်တို့အကြား ၅ နှစ်စာချုပ် သဘောတူညီချက်ရယူကာ ပြင်ဆင် ဆောင်ရွက်ကြခြင်း ဖြစ်ပြီး ရရှိလာသည့်အကျိုးအမြတ်များမှ တစ်ဝက်ကို ရန်ကုန်မြို့ရှိ နောက်ဖေး လမ်းကြားများ အလှဆင်သော လုပ်ငန်းများတွင် ပြန်လည်အသုံးပြုကြောင်း သိရသည်။

ဒို့အိမ်ဖောင်ဒေးရှင်းသည် NGO အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ရန်ကုန်မြို့အတွင်းမှ နောက်ဖေးလမ်းကြားများကို အလှဆင်သော လုပ်ငန်းကို လုပ်ဆောင်ပေးနေသောအဖွဲ့ဖြစ်ပြီး ၂၉လမ််း၊ ရွှေဘုံသာလမ်း နှင့် အခြား နောက်ဖေးလမ်းကြားများတွင် ကလေးများအတွက် ကစားကွင်းများ၊ နံရံဆေးပန်းချီများကို ဆောင်ရွက် ပေးခဲ့သော အဖွဲ့လည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly