နစ်နာကြေးမပေးသည့် တရုတ်နိုင်ငံသားပိုင်စက်ရုံကို ထိုင်းရောက်မြန်မာလုပ်သားများတရားစွဲ

နစ်နာကြေးမပေးသည့် တရုတ်နိုင်ငံသားပိုင်စက်ရုံကို ထိုင်းရောက်မြန်မာလုပ်သားများတရားစွဲ
Photo -  Labour Hittai

 

ရန်ကုန်၊ ဇွန် ၅ ။                          ။ ထိုင်းနိုင်ငံ၏ စက်ရုံစည်းကမ်းချက်များနှင့်မညီ၍  ယာယီပိတ်သိမ်းခံလိုက်ရသည့် ချာချင်ဆောင်ခရိုင်ပင်(န်)ယောင်မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် ကွန်ပျူတာပစ္စည်း ပြန်လည်သန့်စင်သည့် စက်ရုံမှ အလုပ်လက်မဲ့ဖြစ်သွားသူများကို နစ်နာကြေးမပေးသောကြောင့် မြန်မာလုပ်သားများက တရားစွဲဆိုလိုက်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ကိုစောမောင် ကပြောသည်။

စက်ရုံတွင်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ရ၀၀ ခန့်အလုပ်လက်မဲ့ဖြစ်သွားရပြီး အလုပ်သမားများအတွက် နစ်နာကြေးအပါအဝင်၊ လုပ်အားခ ၆ ရက်စာနှင့် ထိုင်းအလုပ်သမားဥပဒေအရ   ပေးဆောင်ရမည့် မေလအတွက်လုပ်ခများကို မပေးဟုဆိုကာ ဇွန်လ ၅ ရက်နေ့တွင်တရားစွဲ ဆိုကြခြင်းလည်း ဖြစ်သည်။

တရားမစွဲပါက အလုပ်ရှင်ဘက်မှ လုပ်ခများကိုပေးမည်ဖြစ်ပြီး နစ်နာကြေးကိုတော့မပေးကြောင်းနှင့် တရားစွဲဆိုခဲ့ပါက မည်သည့်အခကြေးငွေကိုမှပေးမည်မဟုတ်ကြောင်း အလုပ်သမားများဘက်ကို အကြောင်းကြားထားသည်ဟုလည်း သိရသည်။

“ တချို့တွေကျတော့လည်း သူတို့ကျန်တဲ့လုပ်အားခလေးရဖို့အတွက်ကို မလုပ်တော့ဘူးဆိုတဲ့အလုပ်သမားလည်းရှိသလို။ နစ်နာကြေးလိုချင်တဲ့အလုပ် သမားတွေကလည်း တိုင်းအစိုးရခရိုင်ရုံးမှာ တရားစွဲဖို့လျှောက်လွှာဖြည့်နေကြတယ်ခင်ဗျ။ အလုပ်သမားတစ်ဝက်လောက်တော့ရှိမယ်ခင်ဗျ “ ဟု ကိုစောမောင် ကပြောသည်။

စက်ရုံအား ထိုင်းအာဏာပိုင်များက မေ ၂၂ ရက်တွင် ၀င်ရောက်စစ်ဆေးခဲ့ရာ ဓာတုဗေဒ အဆိပ်သင့်မှုနှင့်  သဘာဝပတ်ဝန်းကျင်အား ညစ်ညမ်းမှု များ ဖြစ်စေသည့်အတွက် ယာယီချိပ်ပိတ်လိုက် ခြင်းဖြစ်သည်။

အလုပ်လက်မဲ့ဖြစ်သည့် အလုပ်သမား ရ၀၀ ထဲတွင် MOU အလုပ်သမား ၄၀၀ ခန့်ပါ၀င်သည်။ အလုပ်အကိုင်ပြန်လည်ရရှိရေးကို အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး၊   ပြည်ပအလုပ်ကိုင်ရှာဖွေရေး   အေဂျင်စီများအဖွဲ့ချုပ်(MOEAF)၊ သက်ဆိုင်ရာအေဂျင်စီများထိုင်းအလုပ်သမားကာကွယ်ရေးဌာန (ဆဝါဒီကန်)၊ ထိုင်းလူမှုဖူလုံရေးဌာန(ပကန်ဆာခွန် )တို့မှ စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

လက်ရှိတွင် ချိပ်ပိတ်ခံထားရသည့် ကွန်ပျူတာပစ္စည်း ပြန်လည်သန့်စင်သည့်စက်ရုံသို့အလုပ်သမားစေလွှတ်ထားသည့် Golden Royal Mandalay Co., Ltd မှ အလုပ်သမားအသစ်အယောက် ၂၀၀ တို့ကို လက်တလောစားသောက်မှုအဆင်ပြေစေရန် တစ်ဦးလျှင် ၅၀၀ ဘတ်နှုန်းဖြင့် ထောက်ပံ့မှုများ ပြုလုပ်ပေး လျက်ရှိကြောင်းလည်းသိရသည်။

စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာအလုပ်သမားများကို အယုဒ္ဒယ၊ ချွန်ဘူရီ၊ မဟာချိုင်၊ စမွတ်ပရာခန် အစရှိသည့်နေရာများက စက်ရုံ ရ ရုံတွင် အလုပ်ဝင်နိုင်ရန်စီစဉ်နေကြောင်းလည်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly