မှုခင်းသတင်းထောက်များအသင်း သတင်းမီဒီယာကျင့်ဝတ် လိုက်နာခြင်း မရှိဟု MPC ကြေညာချက်ထုတ်

မှုခင်းသတင်းထောက်များအသင်း သတင်းမီဒီယာကျင့်ဝတ် လိုက်နာခြင်း မရှိဟု MPC ကြေညာချက်ထုတ်

ရန်ကုန် ဇွန် ၄ ။                           ။ မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (MCRA) သည် သတင်းမီဒီယာကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်း မရှိ သည့် အသင်းအဖွဲ့ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC) မှ  ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဇွန်လ ၄ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယင်းကိစ္စနှင့်ပတ်သက်ပြီးလည်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံးတွင် မီဒီယာအသီးသီးကို ဖိတ်ခေါ်ရှင်းလင်းခဲ့သည်။

သတင်းမီဒီယာကျင့်ဝတ်နှင့်မညီဘဲ သတင်းထောက်အမည်ခံပြီး ငွေကြေးတောင်းယူမှုများ တွေ့ရှိနေကြောင်း၊ တိုင်ကြားစာများ ရရှိပြီး ကျင့်ဝတ်ချိုးဖောက်ကြောင်း တွေ့ရှိရသောကြောင့် ယခုကဲ့သို့ ကြေညာချက်ထုတ် ပြန်ရခြင်းဖြစ်သည်ဟု သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က မဇ္ဈိမသို့ ပြောသည်။

"ကောင်စီမှာလည်း တိုင်ကြားစာတွေရောက် နေတာရှိတယ်၊ ငွေကြေးတောင်းတယ်၊ အိမ်တွေဆောက်ခိုင်းတယ် ပေါ့နော်၊ အမှုတွေ လိုက်ပေးမယ်ဆိုပြီးတော့ ငွေလိမ်လည်သွားတယ်ဆိုတဲ့ တိုင်စာတွေရပါတယ်၊ အဲဒါ ကျွန် တော်တို့ စစ်ဆေးကြည့်တဲ့အခါမှာ သတင်းစာဆရာကျင့်ဝတ်နဲ့မညီတဲ့ ကိစ္စမျိုးတွေပေါ့၊ ဥပမာအားဖြင့် မီဒီယာကျင့်ဝတ်မှာ သတင်းစာဆရာက လာဘ်ပေးလာဘ်ယူမလုပ်ရဘူး ဆိုတာလည်း ရေးသားထားတာ ရှိပါတယ်၊ သတင်းရဖို့အတွက်ကို ငွေပေးငွေယူ မလုပ်ရဘူးပေါ့နော်၊ သတင်းကို ပါလိုသောကြောင့် လည်းကောင်း၊ သတင်းကို မပါလိုသောကြောင့်လည်းကောင်း ငွေပေးငွေယူလုပ်လို့ မရဘူးဆိုတာ ရေးထားပါ တယ်၊ နောက်ပြီး ကိုယ်ရရှိတဲ့သတင်းအချက်အလက်ကို ကိုယ့် ရဲ့သတင်းရင်းမြစ်ကို ကာကွယ်ဖို့တာဝန်ရှိ သလို ကျန်တဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းပေးလုပ်လို့မရဘူးဆိုတာ ရေးထားတာရှိပါတယ်၊ အဲဒါကြောင့် အဲဒီထုတ် ပြန်ချက်က အဲဒီတွေ့ရှိချက်နဲ့အညီ ဥပဒေနဲ့ ကျင့်ဝတ်ကို ချိုးဖောက်ကြောင်းတွေ့ရလို့ ကျွန်တော်တို့က ထုတ်ပြန်ချက်ထုတ်ရတာ ဖြစ်ပါတယ်" ဟု သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံမှုခင်းသတင်းထောက်များ အသင်း (MCRA) ဗဟိုဥက္ကဋ္ဌဖြစ်သူ ဦးသက်နိုင်ဦးသည် ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က တိုင်ကြားစာတစ်စောင်ပို့ခဲ့သည့်အတွက် ကောင်စီက လာရောက်ရန် ဆင့်ခေါ်ခဲ့သော် လည်း လာရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (Myanmar Crime Reporter Association - MCRA) သည် ပြည်ထဲရေး ဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထား သော အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့အစည်း ၏ ရည်ရွယ် ချက်များ၌ ရဲတပ်ဖွဲ့နှင့် အခြားသော လုံခြံုရေး အဖွဲ့အစည်းများ၏ အရန်အင်အား အဖြစ် ဆောင်ရွက်ရန် ဟူသော အချက်များ ပါဝင်သည်။ ထို့ပြင် သက်ဆိုင်ရာဋ္ဌာနသို့ သတင်းပေးပို့ရမည်ဟူသော အချက်နှင့် မှုခင်းရေရားကိစ္စရပ်များကို အခမဲ့ ကူညီ ဆောင်ရွက်ရမည်ဆိုသည်ကိုလည်း ထည့်သွင်းထားသည်။

မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (MCRA) သည် မြန်မာ နိုင်ငံသတင်းမီဒီယာ ကောင်စီ (MPC) ၏ လက်အောက်ခံ မဟုတ် သည့်အပြင် ထုတ်ပြန်ချက်သည် ပုဂ္ဂိုလ်ရေး မုန်းတီးမှု ဖြစ်သည်ဟု အဆိုပါအသင်း ဥက္ကဋ္ဌ ဦးသက်နိုင်ဦးက မဇ္ဈိမသို့ ပြောသည်။

"မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအ သင်းဆိုတာက ပရဟိတအဖွဲ့အစည်း NGO ပေါ့နော်၊ သတင်းမီဒီယာ အဖွဲ့အစည်း လက် အောက်ခံလည်း မဟုတ်ပါဘူး၊ သတင်း မီဒီယာကောင်စီဆိုတာက သတင်းထောက်တွေ ကျင့်ဝတ်နဲ့မညီဘူးဆိုရင် ဒါ သတင်း ရေးသားဖော်ပြမှုအပေါ်မှာ သို့တည်းမဟုတ် ခြိမ်းခြောက်ငွေတောင်းမှု အပေါ်မှာ ဒါတွေက သတင်းမီဒီယာကျင့်ဝတ်နဲ့မညီဘူးဆိုရင် သူတို့က သူတို့ရဲ့သတင်းမီဒီယာဥပဒေအရ ပြောဆိုလို့ရပါတယ်၊ သူတို့ကြေညာတာက ပုဂ္ဂိုလ်ရေးမုန်းတီးမှုပုံစံမျိုးဖြစ်နေပါတယ်၊ ဘာလို့ဆိုတော့ အသင်း က ၃ သင်းရှိတယ်၊ ဒီ အသင်း ၃ သင်းမှာရှိတဲ့လူတွေ တော်တော်များများ၊ သူတို့တိုင်စာမှာ အခြားအသင်းအဖွဲ့ တွေလည်း ပါပါတယ်၊ အခြားမှုခင်းသတင်း ထောက်တွေလည်း တိုင်စာရောက်ပါတယ်၊ ရောက်တာကို ကျွန်တော်တို့အဖွဲ့တည်း ကွက် ပြီး ထုတ်တယ်ဆိုတာက ညီမျှမှုမရှိဘူး" ဟု မြန်မာနိုင်ငံ မှုခင်းသတင်းထောက် များအသင်း (MCRA) ဥက္ကဋ္ဌ ဦးသက်နိုင်ဦးက တုံ့ပြန်ပြောဆိုသည်။

လတ်တလောဝေဖန်မှုများ ထွက်ပေါ်နေသည့် မှုခင်းသတင်းထောက်ကိစ္စများကို ပြန်ကြားရေးအနေနှင့် ဝင်ပါရန် မသင့်လျော်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကလည်း မဇ္ဈိမ၏ သီးခြားတွေ့ဆုံ မေးမြန်းမှုတစ်ခုတွင် ပြန်လည်ဖြေကြားခဲ့သည်။

“ အားလုံး ဝိုင်းဝန်းပြီးတော့ လုပ်ရမှာပါ။ ပြန်ကြားရေးကတော့ ကျွန်တော်ထင်ပါတယ် ဝင်ပါဖို့ မသင့်တော်ပါဘူး ခင်ဗျ။ ဝင်ပါတာနဲ့ ကျွန်တေ်ာတို့က အရှုပ်အထွေးတွေက ပိုပြီးတော့ ဖြစ်လာနိုင်တာပေါ့နော်" ဟု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားထားသည်။

သတင်းမီဒီယာကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်းမရှိသည့် အသင်းအဖွဲ့ ဖြစ်ကြောင်း ထုတ်ပြန်ချက်ကို ပြည်ထဲရေးဝန်ကြီးဌာနအပြင် တိုင်းနယ်ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာဌာနများသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ၂၀၁၈ ခုနှစ် ဇွန်လကနေ မေလအထိ တိုင်ကြားစာပေါင်း ၂၅ စောင် ရောက်ရှိနေပြီး မှုခင်းသတင်းထောက်များနှင့်ပတ်သက်သည့် ကိစ္စရပ်များလည်း ပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly