ပန်းတနော်မြို့နယ်ကိုယ်စားလှယ် မေးခွန်းမေးမြန်းမှု မရှိသေးဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဆို

ပန်းတနော်မြို့နယ်ကိုယ်စားလှယ် မေးခွန်းမေးမြန်းမှု မရှိသေးဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဆို

 

ပုသိမ်၊ ဇွန်လ ၄ ။      ။ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ၁၁ ကြိမ်မြောက်ပြီးစီးချိန်အထိ ပန်းတနော် မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးကိုယ်စားလှယ် မေးခွန်းမေးမြန်းမှု မရှိသေးဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

"စိုက်ပျိုးရေးကော်မတီအနေနဲ့ သူ တာဝန်ကျေပါတယ်။ တာဝန်ကျေတယ်ဆိုတာ အစည်းအဝေး ပုံမှန်တက် ပေးတယ်ပေါ့လေ။  သူ့မဲဆန္ဒနယ်မှာတော့ ပြည်သူကြား သွားလာတယ်။ သူ့နယ်မြေထဲက ကိစ္စတော်တော် များများကို ဝန်ကြီးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး လုပ်တဲ့သဘောတွေပေါ့၊ လွှတ်တော်မေးခွန်း မမေးတော့ဘဲနဲ့ အလုပ်ဖြစ်အောင် ဟိုမှာလိုတဲ့ အချက်တွေကို ဝန်ကြီးတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ကိုင်ပေးတာပေါ့ ။ အဲဒါတွေကို ကျွန်တော်သိပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေး ၁၁ကြိမ်မြောက် အထိ ကျင်းပပြီးဖြစ်ကာ ၁၁ ကြိမ်မြောက်အထိ မေးခွန်းမမေးသည့် ကိုယ်စားလှယ်မှာ ပန်းတနော်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး၊ဆည်မြောင်းနှင့် သယံဇာတရေးရာကော်မတီ ဥက္ကဋ္ဌ ဖြစ်သည်။

မေးခွန်းမမေးခြင်းနှင့်ပတ်သက်ပြီး ပန်းတနော်မြို့နယ်အမှတ်(၁)တိုင်းဒေသကြီးကိုယ်စားလှယ်ဦးစန်းမောင်က "ကျွန်တော်က အစိုးရအဖွဲ့နဲ့လည်း ချိတ်ဆက်ဆောင်ရွက်တယ်၊ကျန်တဲ့သူတွေမေးတာလည်း အားလုံးနဲ့ ဆိုင်တာဖြစ်လို့ မမေးတာပါ။ ရှေ့လပိုင်းတွေမှာလည်း ကျွန်တော်လည်း မေးစရာရှိပါတယ်။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာ ကျွန်တော်က ပါတယ် ။ လုပ်ငန်းတော်တော်များများကို သိတယ်လေ။ ဥပမာ ဒေသတွင်းကိစ္စလေးတွေကြ ကျွန်တော်က မမေးချင်ဘူး” ဟု ပြောသည်။

ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွတ်တော်အား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၁၁ကြိမ်မြောက်ပုံမှန်အစည်းအဝေးအထိ တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၄၅၁ ခု၊ ကြယ်ပွင့်မပြမေးခွန်းပေါင်း ၈၇ ခု အထိ မေးမြန်းခဲ့ပြီး၊ အဆိုစုစုပေါင်း ၂၉ ခု တင်သွင်းခဲ့ပြီးဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ၆၇ ခု အများဆုံးမေးမြန်းခဲ့ပြီး၊ စတုတ္ထပုံမှန် အစည်းအဝေးတွင် မေးခွန်း၂၂ ခုသာ မေးမြန်းခဲ့ပြီး၊ တပ်မတော်သားကိုယ်စားလှယ် ၄ ဦးက မေးခွန်း မေးမြန်းထားသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ်စုစုပေါင်း ရ၂ ဦး ရှိပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၅၁ ဦး၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၈ ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly