စစ်ဆိုမှစစ်

စစ်ဆိုမှစစ်

မောင်မှန့်အဖေက ဒုတိယကမ္ဘာစစ်ကြီးထဲမှာ မွေးတာပါ။ မောင်မှန့် အဖိုးအဖွားများဟာ စစ်ကြီး ထဲမှာ ပုန်းအောင်းတိမ်းရှောင်ရင်း ဖခင်ကြီးကို ခဲခဲယဉ်းယဉ်း မွေးဖွားခဲ့ရတာပါ။ စစ်ဘေးစစ်ဒဏ် ကိုကောင်းကောင်း ခံစားခဲ့ကြရလေတော့ မောင်မှန့်ဖိုးဖွား မိဘများဟာ စစ်ကို ဆန့်ကျင်ကြပါတယ်။ ဒါတောင် ကမ္ဘာစစ်ဒဏ်လောက် ခံစားရတာနော်။ ပြည်တွင်းစစ်ဒဏ် တိုက်ရိုက်မခံကြရဘူး။ (ဘိုးဘွား များက မြို့ပြမှာ နေထိုင်သူများပါ။)

အဖေ အရွယ်ရောက်လာတော့လည်း ငြိမ်းချမ်းရေးမြတ်နိုးသူ၊ စစ်မုန်းတီးသူတစ်ယောက် ဖြစ်လာခဲ့တယ်။ အဖေဟာ မြို့နေမြို့ကြီးမို့ အထက်က ဆိုခဲ့သလို ပြည်တွင်း စစ်ဒဏ် တိုက်ရိုက် မခံရပေမယ့် သူရဲ့ စာနာစိတ်နဲ့ နိုင်ငံရေးအမြင်အရ စစ်ကို သူ့အတိုင်းအတာနဲ့သူ ဆန့်ကျင်နိုင်သမျှ ဆန့်ကျင်နိုင်ခဲ့ပါတယ်။

စစ်နဲ့ပတ်သက်ပြီးမောင်မှန်ကို ပြောကြားခဲ့တဲ့စကားတွေ ရှိပါတယ်။ အဖေကွယ်လွန်တာ ကြာပြီ ဖြစ်သော်လည်းပဲ အဲဒီစကားတွေကိုမောင်မှန် ဒီနေ့ထိ မမေ့နိုင်သေးပါဘူးခင်ဗျာ။ငါ့သား စစ်ဆိုရင်ရေတောင် စစ်မသောက်နဲ့တဲ့၊ စစ်ဆိုတာ ပစ္စည်းဝယ်တဲ့တစ်နေရာပဲ ကောင်းတာ၊ ပစ္စည်း စစ်တာနဲ့ ဈေးစစ်တာ၊ ကျန်တာဘာမှမကောင်းဘူးတဲ့။

မောင်မှန်လည်း အဖေ့ စကားနားထောင်ပါတယ်။ ရေစစ်မသောက်ဘူး၊ ရေသန့်ပဲ သောက် တယ်။ ပစ္စည်းဝယ်ရင် စစ်မစစ် သေချာစစ်တယ်၊ ဈေးစစ်တယ်၊ ဒါပဲ။ ကျန်တာဘာဆိုဘာမှ မစစ်ဘူး။
ကြုံလို့ဖတ်ဖူးတဲ့ ကာတွန်းလေး တစ်ပုဒ် ဖောက်သည်ချချင်တယ်။ စစ်တဲ့ အကြောင်းပါပဲ။ ကာတွန်းဆရာအမည်တော့ မေ့နေပါပြီ။ ခွင့်လွှတ်ပါ။ ကာတွန်းကတော့ ကောင်းလွန်းလို့ ခုထိ မမေ့နိုင်ဘူး။

ဒီလို…..လူနှစ်ယောက် လမ်းလျှောက်လာကြရင်း လမ်းမှာ မစင်ပုံကြီးတစ်ပုံ တွေ့တယ်။ လူတစ်ယောက်က(မရိုသေစကား) ဟာ ချေးပုံကြီးတဲ့၊ နောက်တစ်ယောက်က နေဦးဆိုပြီး လက်နဲ့တို့ ပြီး လျှာပေါ် တင်ကြည့်တယ်။ ပြီးမှ အစစ်ပဲတဲ့၊ ကာတွန်းက ဒါပါပဲ၊ မစင်စစ်၊ မစစ်ကို လျှာနဲ့စစ်ကြည့် တာတော့ ရယ်ရမလား၊ ငိုရမလား မသိဘူး။ စစ်အာဏာရှင်စနစ်ကိုလည်း လူတချို့က လျှာပေါ်တင် စစ်ဆေးနေ ကြရဲ့၊ အမွေးမြင်ရုံနဲ့ အပင်မသိနိုင်ကြဘူး။ ကြာကြာဝါးမှ ခါးမှန်းသိရုံတင်မက ကြာကြာ လွေးပြီး ချေးမှန်း သိနိုင်ကြပါစေဗျာ။

အော် စာတွေလည်း ချော်တောငေါ့ကုန်ပါပြီ။ စစ်တွေ ငြိမ်းချမ်းရေးတွေ ရေစစ်တွေကနေ မစင်စစ် မစစ်တွေ စစ်အာဏာရှင်စနစ်တွေ အထိရောက်သွားတယ်။ စစ်အကြောင်းပဲ ထပ်ဆက်ကြ ရအောင်။ ရွေးကောက်ပွဲကြီး နီးပြီ။ မိတ်ဆွေ မဲစာရင်းစစ်ပြီးပြီလားဆိုပြီး မောင်မှန်တို့ ပြည်သူတွေ အတော်လေး မေးခွန်းထုတ် ခံနေရပါတယ်။ မစစ်မိရင်ဘဲ တာဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက်သလို ဘာလိုလိုတောင် ပြောနေဆိုနေကြတယ်။ ဒီမဲစာရင်း စစ်ရတယ်ဆိုတဲ့ ကိစ္စကြီးကလည်း ၂၀၁၅ ရွေးကောက်ပွဲကျမှပဲ ထူးခြားကျယ်ပြန့်လာတော့တယ်။

မောင်မှန်လည်း ရွေးကောက်ပွဲတွေ အတော် ကြုံဖူးပါတယ်။ မဆလခေတ် ရွေးကောက်ပွဲတွေ ကတော့ ရှင်းတယ်။ ဘာဆိုဘာမှ စစ်စရာကို မလိုဘူး။ စစ်ဘေးစစ်ဒဏ် ကင်းတယ်။ ၁၉၉၀ရွေးကောက်ပွဲ လည်း ခုလောက်ကြီး ဘာမှ မစစ်ရပါဘူး။ (ဒါကြောင့်လည်း ခုံသမာဓိ ဒိုင်လူကြီးမင်းများ မနိုင်စေချင်တဲ့ပါတီ နိုင်သွားတာ ဖြစ်မယ်။ နိုင်တယ်ဆိုတာသာ ပြောရ၊ ရလဒ်က အဟောသိကံ ဖြစ်သွားတာ)။
၂၀၁၀ ရွေးကောက်ပွဲမှာလည်း မဲစာရင်းစစ်ဖို့ အသံ သိပ်မညံလှပါဘူး။ ၂၀၁၂ ကတော့ ကြားဖြတ်မို့ ထားတော့။ ခုခါမှ ၂၀၁၅ မှ တချစ်တည်းချစ် မဟုတ်ဘဲ ဘာကြောင့် တစစ်တည်း စစ်ခိုင်းနေတယ် မသိပါဘူး။ မောင်မှန်တို့ ပြည်သူတွေကတော့ စစ်ဆို စစ်ပါ့မယ်။ အပြောင်းအလဲ အတွက် အနာဂတ်အတွက် မဲပေးပါ ဘာညာဆိုလည်း ပေးပါ့မယ်။ ထင်သလို မဖြစ်ခါမှ ပြည်သူတွေ ကိုပဲတပြန်ပြန်လွှဲ မချဖို့တော့ မေတ္တာရပ်ခံချင်ပါတယ်။

နောက်တစ်စစ်အကြောင်း ဂျောင်းကြဦးစို့ရဲ့၊ ဒါကတော့ စာမေးပွဲစစ်တဲ့ ကိစ္စပါ။ စာမေးပွဲက ရိုးရိုးစာမေးပွဲ မဟုတ်ဘူး။ မဲစာရင်းတုန်းကလိုပဲ အပြောင်းအလဲအတွက် အနာဂတ်အတွက် ဘဝအ တွက် အင်မတန် အရေးပါ အရေးကြီးလှပါတယ်ဆိုတဲ့ ဆယ်တန်းစာမေးပွဲ၊ သိပ်မကြာသေးခင်က ကြေးမုံသတင်းစာမှာ ဂုဏ်ယူဝမ်းမြောက်ခြင်း ကြော်ငြာတစ်ခု ဖတ်ရတယ်။ ဆယ်တန်းအောင်စာရင်း ထွက်တုန်း ကငါးဘာသာဂုဏ်ထူး ဆိုပေမယ့် ပြန်လည်စစ်ဆေးတွေ့ရှိမှုကြောင့် အရင်တုန်းက ဂုဏ်ထူး မထွက်ခဲ့တဲ့ အင်္ဂလိပ်စာ ဘာသာပါ အခု ဂုဏ်ထူးထွက်ပြီ ဖြစ်တဲ့အတွက် ဘာသာစုံ ဂုဏ်ထူးရှင်ကို ဂုဏ်ပြု တဲ့ကြော်ငြာပါ။ ဆန်းတယ်နော်၊ အောင်စာရင်းထွက်တုန်းက ဂုဏ်ထူးမပါ။ နောက်မှ ဂုဏ်ထူး ပါသတဲ့။ နောက်တစ်နေ့ထုတ် Eleven သတင်းစာဖတ်ရမှ ရှင်းသွားတယ်။

ဆယ်တန်းဖြေထားတဲ့ ကျောင်းသားက အင်္ဂလိပ်စာဂုဏ်ထူးထွက်သင့်ပါလျက်နဲ့ မထွက်လို့ အဖြေလွှာ ပြန်စစ်ဆေးပေးဖို့ ငွေကျပ် ၅,၀၀၀ နဲ့ ပြန်လည်လျှောက်ထားခဲ့တာတဲ့။ ပြန်စစ်တော့မှ ၁၀ မှတ် ထည့်ပေါင်းပေးဖို့ လိုနေတယ် ဆိုပဲ။ ဒါကြောင့် ထည့်ပေါင်းလိုက်တော့မှ ဂုဏ်ထူးထွက်သွားတာ  ကောင်းရောပေါ့။ ဂုဏ်ထူးမှတ် မဟုတ်ဘဲ အောင်မှတ်ဆိုရင် ဘယ့်နှယ်လုပ်ကြမလဲ။

အခု ကျောင်းသားက ပေါက်ပေါက်ရောက်ရောက် အသိုင်းအဝန်းထဲက ဖြစ်ပုံရပါတယ်။ ထိထိရောက်ရောက် ဖြေရှင်းနိုင်ခဲ့တယ်။ မပေါက်မရောက်တွေ သာဆို မထိမရောက် ဖြစ်မှာအမှန်ပဲ၊ တာဝန်ရှိသူ တစ်ယောက်က ဖြစ်ခဲပါတယ် ဆိုပေမယ့် ဖြစ်တော့ ဖြစ်ခဲ့ပြီမဟုတ်လား။ လူမသိသူမသိဖြစ်ခဲ့တာတွေ ဘယ်လောက်ရှိမယ်ဆိုတာလည်း ဘယ်သူမှ မသိနိုင်ပါဘူးခင်ဗျာ။ မဲစာရင်းမှ စိတ်မချရတာ မဟုတ် ဘူး။ အောင်စာရင်းလည်း အတူတူပဲ။

အရေးကြီးဆုံး စစ်အကြောင်းက အခုမှ လာမှာ၊ အဖေတို့ လက်ထက်ကနေ မောင်မှန်တို့ သားသမီးတွေ အရွယ်ရောက်သည်အထိ တည်ရှိနေဆဲဖြစ်တဲ့ ပြည်တွင်းစစ်ကို တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကြီး (NCA) ချုပ်ပြီး ရပ်စဲပစ်တော့မယ်ဆိုတဲ့ သတင်းကြားရတယ်။

ပြည်တွင်းစစ်ကြောင့် မွဲပြာကျခဲ့ရတဲ့ မောင်မှန်တို့တိုင်းပြည်က ပြည်တွင်းစစ် မရှိတော့ရင် ချမ်းသာလာတော့မှာပဲလို့လည်း မောင်မှန်က လူပိန်းသဘောပေါက်နည်းကား နားလည်ထားတယ် လေ။ ဒါပေမယ့် လက်မှတ်ထိုးခါနီးမှ အကြောင်းကြောင်းတွေနဲ့ ထစ်နေတယ်။ စာချုပ်မှာ သက်သေ အဖြစ် လက်မှတ်ထိုးဖို့ အဆိုပြုခံထားရတဲ့ အမေစု ကိုပဲ မောင်မှန်တို့ အားကိုးရတော့မယ် ထင်ပါရဲ့။ NCA နဲ့ ပတ်သက် ပြီးအမေစုကလည်း ပြောပါတယ်။ နားထောင်ကြည့်ရအောင်ပါ။

သြဂုတ် ၂၂ ရက်မှာ KNU ကိုယ်စားလှယ်အဖွဲ့နဲ့ အမေစုတို့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှု အပြီး KNU အထွေထွေအတွင်းရေးမှူးက “သိရတာကတော့ ဒေါ်စုကတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အဲဒီမှာ သွားတွေ့တဲ့ ခေါင်းဆောင်တွေကို NCA ကို အမြန်လက်မှတ် ရေးထိုးကြပါလို့ အဲဒီမှာ ပြောပါတယ်” လို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုကိုပဲ ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့သူ NLD ဦးဝင်းထိန်က “ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောတာကတော့ ဥပဒေကြောင်းအရ ပြောတာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခုလို တရားဝင် ဆွေးနွေးတာတောင်မှ အစိုးရက ဆွေးနွေးတာက ဆွေးနွေးတာပဲ၊ တကယ်တမ်း ဥပဒေကြောင်းအရ ရှင်းလင်းမှု ရှိထားလား ဘာလား၊ အဲဒါမျိုးတွေက အစ ဥပဒေကြောင်း အရမေးခွန်း ထုတ်စရာတွေ အများကြီးရှိတယ်ဆိုတာကို အဲဒါမျိုးတွေ ထောက်ပြတာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒီလက်မှတ်ထိုးတဲ့ကိစ္စက အလောသုံးဆယ်လုပ်သင့်လား၊ အလောသုံးဆယ် လုပ်တာ ဘာအကြောင်းတွေ ရှိလဲ နောက်မှာ” လို့ ပြောပါတယ်။

မြန်မြန်ထိုးပါလို့ ပြောသူက ပြော၊ အလောသုံးဆယ်လုပ်ဖို့ ဘာအကြောင်းတွေ ရှိသလဲ ဆိုသူ ကဆို တစ်ခုတည်းကိုပဲ  မူကွဲနေပါတယ်။ သြဂုတ် ၂၇ မှာ RFA ရေဒီယိုနဲ့တွေ့မေးခန်းမှာ အမေစုက   “ အစ်မတို့ကတော့ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး ဖြစ်စေချင်တာပေ့ါ။ တကယ် တစ်နိုင်ငံလုံး အားလုံးပါဝင်ပြီးတော့ အားလုံးကနေ ကတိတည်မယ့်စာချုပ်မျိုး ဖြစ်ပေါ်လာစေချင်တာပေါ့” တဲ့။

ဒီလိုတွေ ကွဲလွဲနေတဲ့အပေါ် VOA သတင်းဌာနက NLD ဦးဉာဏ်ဝင်းကို မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်း က ဥက္ကဋ္ဌစကားက အမှန်ပဲလို့ ဆိုပါတယ်။ ငယ်ငယ်တုန်းက စာမေးပွဲမှာ ဓမ္မဓိဋ္ဌာန် မေးခွန်းဖြေရ သလိုပဲ။ မှားမှန်ရောထွေး အမှန် ရွေးရပါတယ်ခင်ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲတွေရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး အမြန်ဆုံး ပေါ်ပေါက်လာပါစေကြောင်း မောင်မှန်တို့ပြည်သူတွေက ဆုတောင်းလိုက် ရပါတယ်။ မောင်မှန်တို့ကလည်း ဆုတောင်းရုံကလွဲပြီး ဘာမှလည်း မတတ်နိုင်ဘူးကိုး ခင်ဗျ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags