အကျဉ်းထောင်ထဲမှ ဖြစ်ရပ်တွေ ပုံဖော်ထားတဲ့ ပန်းချီပြပွဲကျင်းပ

အကျဉ်းထောင်ထဲမှ ဖြစ်ရပ်တွေ ပုံဖော်ထားတဲ့ ပန်းချီပြပွဲကျင်းပ
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဇွန် ၄ ။         ။ အကျဉ်းထောင်တွေထဲမှာ ကြံုတွေ့ခဲ့ရ၊ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို သရုပ်ဖော်ရေးဆွဲထားတဲ့ ပန်းချီပြပွဲတစ်ခုကို ရန်ကုန်မြို့ လောကနတ်ပန်းချီပြခန်းမှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်တဲ့ ပန်းချီ  ဦးစံမင်းက သူထောင်ထဲမှာတွေ့ကြံုခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပန်းချီအဖြစ် ပြန်လည်ပုံဖော်ထားတာပါ။

အဓိကအနေနဲ့ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလထဲဖြစ်ပွားခဲ့တဲ့  ဦးသန့်အရေးအခင်းဖြစ်ပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ နေထိုင်ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဖြစ်စဉ်တွေကို  ပြန်ပြီး ပုံဖော်ရေးဆွဲထားတဲ့ ပန်းချီကားတွေလည်းဖြစ်ပါတယ်။

“ ငါတို့ကလည်း ၀င်ပါတယ်။ ပါရင်းနဲ့ အဖမ်းခံရတာ အဲ့မှာ စစ်ခုံရုံးကနေထောင် ၄ နှစ်ချတယ်။ အင်းစိန်ထောင်ထဲမှာ ၃ နှစ် နဲ့ ၁ လ နေခဲ့ရတယ်။ အဲ့ဒီကာလမှာ ဖြစ်ခဲ့ကြံုခဲ့တာ၊ သိခဲ့တာတွေကို ပြန်ပြီးတော့ ထောင်က ၁၉၇၈ ခုနှစ်မှာ လွှတ် လာတာ။ အဲ့အချိန်မှာ ပန်းချီပြပွဲလုပ်သေးတယ် ၂ ပွဲ။ အဲ့အချိန်မှာ စီစစ်ရေးက တင်းကျပ်တော့ မပြရဘူး။ ရပ်ထားတယ်။ နောက်ပိုင်း ၄၊ ၅နှစ် အလိုကျမှပြန်ပြီးတော့ကြိုးစားရတာပေါ့ ဒီပွဲဖြစ်မြောက်အောင်။ အရင်က တွေ့ခဲ့တဲ့အတွေ့အကြံုရယ်။ တချို့ကမိတ်ဆွေတွေက အကူအညီပေးတဲ့ပုံတွေရှိတယ်။ အဲဒါနဲ့ပဲ ရေးဆွဲဖြစ်သွားတယ် ” ဟု ပန်းချီဆရာဦးစံမင်းက ပြောသည်။

ဦးစံမင်းရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲမှာတော့ ပန်းချီကား စုစုပေါင်း ၃၃ ကား ပြသထားတာပါ။ ဒီပန်းချီပြပွဲကို ပြသနိုင်ဖို့ အချိန် ၃ နှစ်လောက်  ကြိုးစားခဲ့ရတယ်လို့လည်း  သူက ဆက်ပြောပါတယ်။

ဦးသန့်အရေးအခင်းနောက်ပိုင်း ထောင်တွင်းအဖြစ်အပျက်တွေ၊ လက်ပံတန်းကျောင်းသားအရေးအခင်းနောက်ပိုင်း ထောင်တွင်းအဖြစ်အပျက်တွေနဲ့ နယ်ချဲ့တွေကို တော်လှန်ခဲ့တဲ့  ဦးဥတ္တမခေတ်က ထောင်တွင်းအဖြစ်အပျက်တွေကို  ပန်းချီကားတွေကနေတဆင့် မြင်နိုင်အောင် ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ဒီပန်းချီကားတွေကို သူကိုယ်တိုင်ကြံုတွေ့ခဲ့ရတာတွေအပြင် တစ်ဆင့်ပြန်ပြီးပြောပြတာတွေ၊ စာထဲပေထဲ မှတ်သားဖူးတာ တွေကိုပါ ပုံဖော်ရေးဆွဲထားတာလို့ သိရပါတယ်။

“ ထောင်ဆိုတာ ကျွန်တော်တို့ ခပ်ငယ်ငယ်တုန်းကပေါ့ ။ ဆိုးတဲ့သူတွေပဲထောင်ရောက်တယ်လို့ ထင်တာပေါ့။ နောက်တ ဖြည်းဖြည်းကြီးလာမှ သိတယ်။ ဆိုးတဲ့သူလို့ သတ်မှတ်လို့မရတာတွေ အများကြီးရှိတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ဆိုးတာမှ မဟုတ်ဘဲဗျ။ နိုင်ငံ့ကောင်းစားရေးတစ်ခုကိုလုပ်တာ။ ဒီဘက်ခေတ်မှာ ၈၈ ကျောင်းသားတွေလည်း ဆန္ဒပြလို့ေ ထာင်ထဲရောက်တယ် ။ နှိပ်ကွပ်ခံရတယ်။ ပြန်ရောက်လာတော့လည်း နိုင်ငံ့အကျိုးအတွက်ပဲလုပ်တာ။ အကျိုး ပြုတဲ့သူပေါ့။ ဒါပေမယ့် အုပ်ချုပ်သူလူတန်းစားနဲ့ နိုင်ငံ့အတွက်ကိုကောင်းစေချင်တဲ့သူနဲ့ ပဋိပက္ခတွေရှိတယ်။ အခုအချိန် ထိလည်း ရှိတုန်းပဲ။ အဲဒါကို ကိုစံမင်းကသူခံစားရသလို လာကြည့်တဲ့သူတွေကိုလည်း မတ်ဆေ့တစ်ခုပေးတာပေါ့နော်” ဟု ပန်းချီကားတွေကို လာရောက်ကြည့်ရှု့တဲ့ကိုစိုင်းက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ပန်းချီဆရာ ဦးစံမင်းရဲ့ ပန်းချီပြပွဲကို ဇွန်လ ၄ ရက်နေ့က စတင်ပြသခဲ့တာ ဖြစ်ပြီး ဇွန်လ ၉ ရက်နေ့ထိ ရန်ကုန်မြို့ လောကနတ်ပန်းချီပြခန်းမှာ ဆက်လက်ပြသသွားမှာပါ။

ဦးစံမင်းက သူ့အနေနဲ့ နောက်နှစ်တွေမှာလည်း  ဒီလိုမျိုးအကျဉ်းထောင်ထဲက အဖြစ်အပျက်တွေကို ပုံဖော်ရေးဆွဲထားတဲ့ ပန်းချီပြပွဲတွေထပ်လုပ်ဖို့လည်း ကြိုးစားနေတယ်လို့ ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly