ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တွေ့ဆုံခြင်း (အပိုင်း ၁)

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တွေ့ဆုံခြင်း (အပိုင်း ၁)
ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ဇွန်လ ၄ ရက် ။                   ။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တွေ့ဆုံပြီး မြန်မာ့မီဒီယာလောက အခြေအနေ၊ သတင်းလွတ်လပ်ခွင့်၊ ရိုက်တာသတင်းထောက်များကိစ္စ နှင့်ရခိုင်အရေးသတင်းရယူခွင့်များ အပါအဝင်၊ မီဒီယာ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ မဇ္ဈိမမှ သတင်းအယ်ဒီတာ အေးချမ်းခိုင်က သီးခြားတွေ့ဆုံ မေးမြန်းထားသည်။

မေး။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့  NLD အစိုးရ အာဏာရတာလာ ၂ နှစ်ကျော် ၃ နှစ် သက်တမ်း ရှိပြီပေါ့။ အဲဒီအခြေအနေမှာ ပြန်ကြားရေးဝန်ကြီးဌာန အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ သုံးသပ် ပြောကြားပေးပါဦးရှင့်။

ဖြေ။ ။ အခန်းကဏ္ဍကတော့ ကျွန်တော်တို့ လုပ်စရာတွေအများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် လုပ်နိုင်တာကိုတော့ အစွမ်းကုန် လုပ်နေတယ်။ ကျွန်တော်တို့ ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီနဲ့လည်း ကင်းကွာခဲ့တယ်။ နှစ်ပေါင်း ၅၀ ပေါ့။ နောက်ပြီး လွတ်လပ်တဲ့ မီဒီယာနဲ့လည်း ကင်းကွာခဲ့တယ်။ အဲဒါကို ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ မီဒီယာတွေကို အထိုက်အလျောက် ပြုပြင်ပြောင်းလဲတာတွေကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့အတူ လုပ်ဆောင်ခဲ့တယ်။ အင်မတန် အခြေခံကျတဲ့အပိုင်းတွေကို သူတို့ ပြုလုပ်ခဲ့ပါတယ်။ ဥပမာ စာပေစိစစ်ရေးကို ဖျက်သိမ်းပေးခဲ့တယ်။ နောက် နှစ်ပေါင်း ၅၀ ကျော်က ပိတ်ထားခဲ့တဲ့ ပုဂ္ဂလိကသတင်းစာတွေကို ပြန်ပြီးတော့ ခွင့်ပြုခဲ့တယ်။ ပြီးတော့ ၂၀၁၅ အထိ အခြေခံပြုပြင်ပြောင်းလဲမှုတွေ သူတို့ လုပ်ခဲ့ပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ တော်တော်ကို သိမ်မွေ့နက်နဲတဲ့အပိုင်းတွေပါ။ အဲဒီအပိုင်းကျတော့ တော်တော်လေး စိန်ခေါ်မှုတွေ ရှိတာပေါ့နော်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအနေအထားအရ နိုင်ငံတကာအခင်းအကျင်းမှာ ကျွန်တော်တို့ဟာ နိုင်ငံတကာမီဒီယာနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အထူးစိတ်ဝင်စားမှုကို ရလာနေပါတယ်။ အားလုံးလည်း သိပြီးသားပါ။ အဲဒီအခါကျတော့ စိန်ခေါ်မှုတွေ ပိုပြီးတော့ များလာတာပေါ့နော်။ ပြောရရင်တော့ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးကာလဟာ ကျွန်တော်တို့ ထင်ထားတာထက် အများကြီး စိန်ခေါ်မှုတွေ ပိုများပါတယ်။ ကျွန်တော် လေ့လာမိသလောက် ပြောရရင်ပေါ့လေ။ တချို့ကာလတွေကတော့ ကျွန်တော် မမွေးခင်ကပေါ့။ ကျွန်တော်တို့သမိုင်းမှာ ဒီလောက်စိန်ခေါ်မှုများတာ တစ်ခါမှ မကြံုဖူးဘူး။ တခြား အသိအမြင်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေလည်း ကျွန်တေ်ာ မေးကြည့်တယ်။ တစ်ခါမှ ဒီလောက်ထိ အနေအထားမျိုး မရောက်ဖူးပါဘူး။ ပြောရရင်တော့ စိန်ခေါ်မှုတွေ အများကြီးကျန်ပါသေးတယ်။

မေး။ ကျန်ရှိနေတဲ့ အစိုးရ သက်တမ်းမှာရော ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အရေးတကြီး လုပ်ဆောင်စရာတွေ ဘာတွေများ ရှိနေပါသေးလဲရှင့်။

ဖြေ။ ။ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ထူထောင်နေတာပေါ့။ ဒီမိုကရေစီစနစ်မှာ ဒီမိုကရေစီလူ့ဘောင်နဲ့ သဟဇာတဖြစ်တဲ့ မီဒီယာအခင်းအကျင်း ဖြစ်ဖို့လိုပါတယ်။ အဓိက  နောက်ဆုံးပန်းတိုင်ကတော့ Independent self-regulated မီဒီယာပေါ့။ Independent ဆိုတာ အမှီအခိုကင်းရမယ် ။ Independent ကို တချို့က တစ်ခြမ်းကိုပဲ ဘာသာပြန်တာ တွေ့တယ်။ ဆိုတော့ လွတ်လပ်တာပေါ့။ လွတ်လွတ်လပ်လပ် ရေးလို့ရတယ်။ တားလို့ရတယ်။ ဒါပေမယ့် နောက်တစ်ခြမ်းက သိပ်ကို အရေးကြီးပါတယ်။ ဒါက အမှီအခိုကင်းဖို့ လိုတယ်။ အမှီအခိုကင်းတယ်ဆိုတာက Editorial Policy (အယ်ဒီတာပိုင်းဆိုင်ရာ မူဝါဒ)၊  ဒီပေါ်လစီက လွတ်လပ်ဖို့ လိုတယ်။ ပြီးတော့ ဘာဖြစ်ရမလဲဆိုတော့ ကျင့်ဝတ်နဲ့ညီရမယ်။ ပြီးတော့ ( Independent self-regulated) ဖြစ်ရမယ်။  ကိုယ့်ဘာသာကိုယ် ဆောင်ရန်ရှောင်ရန်ပေါ့။ ကိုယ့်ဘာသာကိုယ် ၊ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကျင့်သုံးနိုင်တဲ့ မီဒီယာပေါ့။ ကြောက်စိတ်နဲ့မဟုတ်ဘူးပေါ့ခင်ဗျား။ အဲဒါကိုတော့ (Self-Censorship ) လို့ ခေါ်တာပေါ့ခင်ဗျား၊ ကျွန်တော်တို့ (Self-Censor) ကို မလိုလားပါဘူး၊ (Independent self-regulation) ကိုပဲ လိုပါတယ်။  လိမ္မာတဲ့ကလေးတစ်ယောက်  မိဘနဲ့ဝေးနေတဲ့နေရာမှာ ကိုယ့်ဘာသာကိုယ် စောင့်ထိန်းတတ်ဖို့ပေါ့။ အဲဒီလိုဒီပုံစံမျိုး ဖြစ်စေချင်ပါတယ်။ အဲဒီမှာ Independent ဆိုတာ တော်တော်စိန်ခေါ်မှု ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အယ်ဒီတာပိုင်းရဲ့ ပေါ်လစီလွတ်လပ်ဖို့အတွက် အဲဒီ မီဒီယာဟာ ငွေရေးကြေးရေးအားဖြင့်လည်း အမှီအခိုကင်းဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေရေးကြေးရေး အထောက်အပံ့တွေ ပေးတယ်။ တချို့နိုင်ငံတွေက ပေးတယ်။ တချို့လူပုဂ္ဂိုလ်တွေက ပေးတယ်။ နိုင်ငံတကာကပေါ့ ။ ကျွန်တော် သိပ်ပြီးတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော် နားလည်ထားတာက ဘယ်အရာမှ အလကားတော့မရဘူး။ နှောင်ကြိုး တစ်ခုမဟုတ် တစ်ခုတော့ ပါလာတာပေါ့။ သြဇာတစ်ခု ပါလာတယ်။ အဲဒီအခါကျတော့ မီဒီယာတွေအတွက် လွတ်လွတ်လပ်လပ် ရပ်တည်ဖို့ဆိုတာ ခက်ခဲပါတယ်။ အဲဒါကိုတော့ ကျွန်တော် လုပ်ချင်တိုင်းသာ လုပ်ခွင့်ရရင်၊ ကျွန်တော် အဲဒါကို သိပ်ပြီးတော့ အားစိုက်ပြီးတော့ လုပ်ချင်ပါတယ်။ ပြည်တွင်းမှာ ငွေရေးကြေးရေးအားဖြင့် အမှီအခိုကင်းတဲ့ မီဒီယာတွေပေါ့ ။ ကိုယ့်ဘာသာကို အမှီအခိုကင်းတဲ့မီဒီယာ ၊ ဒါပေမယ့်လည်း ဒါက တကယ့်ကို စိန်ခေါ်မှုပါ။ နံပါတ်တစ်က သူတို့ကို ငွေရေးကြေးရေးအားဖြင့် အမှီအခိုကင်းအောင် လုပ်ပေးရမယ်၊ ရပ်တည်နိုင်အောင်၊ ကိုယ့်ဘာသာကိုယ် သိက္ခာရှိစွာနဲ့ ရပ်တည်နိုင်အောင် ။ အခုက အားလုံးက၊  နိုင်ငံတကာမီဒီယာ အခင်းအကျင်းက ပြောင်းနေပြီခင်ဗျ။ Print Media က ကျရှုံးနေပြီ ။ ကျွန်တော် ခုနကပဲ မဇ္ဈိမနဲ့ မတွေ့ခင် ကမ္ဘာ့အကြီးဆုံး သတင်းစာကြီးဖြစ်တဲ့ Financial Times နဲ့ တွေ့ပါတယ်။ အဲဒီက ထင်ရှားတဲ့ သတင်းထောက်နဲ့လည်း တွေ့တယ်။ သူတို့က Digital ကို သွားနေကြပြီ။ Print Media က စရိတ်စကကြီးတယ်။ ဒီဂျစ်တယ်က မပြောင်းလို့မရတော့ဘူး။ ကျွန်တော်တို့က တစ်ဖက်မှာလည်း ပြည်တွင်းက ပုဂ္ဂလိကမီဒီယာကို အမှီအခိုကင်းအောင် ကူညီချင်တယ်။ အဲဒီမှာ သူတို့က နည်းပညာအားဖြင့်ရော၊ ငွေရေးကြေးရေးမှာရောပေါ့လေ။ အားလုံး ဝိုင်းပြီးတော့လုပ်မှ အဆင်ပြေမယ့်သဘောမှာ ရှိပါတယ်။

မေး။ ။ ခုနက ဝန်ကြီးပြောသွားတဲ့ Digital ပြောင်းဖို့ လိုနေပြီဆိုတော့ မြန်မာပြည်ရဲ့ မီဒီယာတွေ ဒီဂျစ်တယ်အကူးအပြောင်းမှာ ဘယ်လို လုပ်ဆောင်သင့်လဲ။

ဖြေ။ ။ ဒီဂျစ်တယ်ကတော ့ဒီနေရာမှာ အားသာချက်တွေ အများကြီးပဲရှိတယ်။ စိန်ခေါ်မှုတွေလည်း အများကြီး ရှိတယ်။ အားသာချက်တွေကတော့ ရှေရှည်မှာ စရိတ်စက နည်းတယ်။ အားသားချက်တွေကတော့ Reach (ဖြန့်ကျက်မှု) ကလည်း ကျယ်ပြန့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ Handphone သုံးတဲ့သူက သန်း ၃၀ လောက်ရှိတယ်။ ဆိုရှယ်မီဒီယာကို သုံးတဲ့သူက ၁၈ သန်းလောက်ရှိတယ်လို့ အကြမ်းဖျဉ်း ခန့်မှန်းလို့ရပါတယ်။ Reach က အရမ်းကျယ်ပြန့်တာပေါ့။ မြန်လည်းသိပ်မြန်တယ်။ Print Media ရဲ့ အားနည်းချက်က ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ရန်ကုန်က ထုတ်တဲ့သတင်းစာကို စစ်တွေမှာ နောက်တစ်နေ့မှ ဖတ်ရတယ်။ ရာသီဥတုကောင်းမှ၊ လေယာဉ်ရှိမှ ။ ဒီဂျစ်တယ်ကျတော့ အဲဒီလိုမျိုး မဟုတ်တော့ဘူး။ ကူညီစရာတွေကတော့ အများကြီးပါ၊ နည်းပညာအားဖြင့်ရော။ အခုဆိုရင် Telecom Industry က တော်တော်လေးကို ထွန်းကားလာပါတယ်။ Service တွေလည်း ကောင်းလာပါတယ်။ အော်ပရေတာ လေးယောက် ရှိပါတယ်။ အဲဒီလေးယောက်ရဲ့ Free and Fair Competition က တိုင်းပြည်ကို အကျိုးပြုမှာပါ ၊ မျှမျှတတနဲ့   ပြိုင်ဆိုင်မှုတွေကြောင့် စျေးတွေ ကျလာတယ်။ ဆင်းကဒ်စျေးနှုန်းတွေ ကျလာတယ် ၊ တစ်ထောင့်ငါးရာပဲ ရှိတယ် ၊ စသည်ဖြင့်ပေါ့ ၊ အားသာချက်တွေလည်း အများကြီးရှိပါတယ်။ သေချာတာတစ်ခုကတော့  ပြည်တွင်းက မီဒီယာညီအစ်ကိုတွေကို ပြောချင်တာက Digital ကိုတော့ ရှောင်လို့မရဘူးခင်ဗျ။ ဘယ်လို ရင်ဆိုင်ပြီးတော့ ဒီဂျစ်တယ် ရေစီးကြောင်းမှာ ဘယ်လိုပါမလဲဆိုပြီး နည်းလမ်းရှာသင့်တာပေါ့လေ။ ဝိုင်းဝန်းပြီးတော့ ဆွေးနွေးရမယ်။ တိုင်ပင်ရမယ်။ လိုအပ်ရင် Operator တွေဆီကလည်း အကူအညီတောင်းရမယ်။ တိုင်ပင်ရမယ်ပေါ့။

မေး။ အဲဒီလို ဝန်ကြီးပြောသလိုပဲ ဒီဂျစ်တယ်က အားသာချက်ရှိသလို ဒီဂျစ်တယ်အနေနဲ့ ဆိုးကျိုးတွေ အခြားသက်ရောက်မှုတွေ ဘာတွေများ ရှိလာနိုင်မလဲရှင့်။

ဖြေ။ ။ အများကြီး ရှိလာနိုင်တာပေါ့။ ဘာဖြစ်လို့လဲဆို ဆိုရှယ်မီဒီယာ ပေါ်လာတယ်။ အွန်လိုင်းမီဒီယာ ပေါ်လာတယ်။ ကျွန်တော်တို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ Facebook တို့၊ Web တို့လည်း ပါလာပြီဆိုတော့ ကျွန်တော်တို့မှာ အခုဆိုရင် ကျွန်တော်တို့ရဲ့ စာနယ်ဇင်းလောကနဲ့ မိတ်ဆွေတွေဆီက ကြားရတဲ့ Complain တစ်ခုပေါ့လေ။ ၆၆(ဃ) ပေါ့၊ အင်မတန်နာမည်ဆိုးတဲ့ဟာ ။ ကျွန်တော်လည်း ဒီရာထူးကို မယူခင် သတင်းစာဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။ သတင်းနဲ့ Press ကောင်စီမှာလည်း ဒုဥက္ကဋ္ဌ ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါ တယ်။ ဒီဥပဒေကို ကျွန်တော်လည်း ကြိုက်တဲ့အထဲမှာ မပါ ပါဘူးခင်ဗျ။ ဒါပေမယ့် ကျွန်တော် ဒီရာထူးကိုရမှ ကျွန်တေ်ာ ပြောတာမဟုတ်ပါဘူး။ ဒီရာထူးကို မရခင် နိုင်ငံတကာ Conference တစ်ချို့ တက်ရတာပေါ့။ ကျွန်တေ်ာ ဆွီဒင် ၊ ဒိန်းမတ်၊ နော်ဝေတို့၊ အိန္ဒိယတို့ကို မေးကြည့်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြဿနာတစ်ခုက ဘာဖြစ်သလဲဆိုတော့  Cyber Law မရှိသေးဘူး။ တစ်ချိန်တည်းမှာ Telecom Industry က ထွန်းကားလာတယ်။ တယ်လီဖုန်းသုံးတဲ့သူ၊ ဆိုရှယ်မီဒီယာတွေ သုံးတဲ့သူ သိပ်များလာတယ်။ နောက် အားနည်းချက်တစ်ခုက အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မှာ စနစ်တကျ လေ့ကျင့်သင်ကြားပေးတာ မရှိဘူး။ ဘယ်သူမဆို ဟမ်းဖုန်းတစ်လုံး ရှိတယ်လေ။ Citizen Journalist  က အရမ်းထွန်းကားလာတယ်။ တချို့နိုင်ငံတွေဆိုရင် Citizen Journalist  ကို Street Journalist စသည့်ဖြင့် အမျိုးမျိုး ခေါ်ကြတာပေါ့လေ။ ဘယ်သူမဆို မိုဘိုင်းဖုန်းတစ်လုံးရှိရင် အလုပ်ဖြစ်ပြီ။ ကိုယ် ရိုက်ချင်တာရိုက်၊ ရေးချင်တာရေးပြီးတော့ တင်လိုက်လို့ရတယ်။ အဲဒါကို Share လုပ်လို့ရတယ်။ အဲဒီတော့ အန္တရာယ်တွေ သိပ်ရှိတာပေါ့။ ရှိတဲ့အခါကျတော့ တခြားတစ်ဖက်ကလည်း  Cyber Crimes တွေ ရှိတယ်။ အဲတော့ ဒီ ၆၆(ဃ)ကို Cyber Law မပေါ်ခင် ဖျက်သိမ်းလို့ရတဲ့ အနေအထား မရှိဘူးခင်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ ဒီအစိုးရလက်ထက်မှာ ဘာလုပ်ပေးလဲဆိုတော့ ၆၆(ဃ)ကို နည်းနည်းပါးပါး ပြင်ဆင်ပြီးတော့၊ ညင်သာအောင် လုပ်ပေးခဲ့တာပေါ့။ အဲဒီမှာ အရေးကြီးတဲ့ဟာက သူ့ကို အာမခံပေးလို့ ရသွားပြီ ။ Bailable ဖြစ်သွားပြီ။ ဒါက အင်မတန်ကို ထူးခြားတဲ့ အောင်မြင်မှုတစ်ခုပါ။ အရင်ကဆိုရင် ဒီဟာနဲ့ တရားစွဲလိုက်ပြီဆိုရင် ချက်ချင်းကို ဖမ်းလို့ရတယ်။ အခုဆိုရင် သူက အပြင်ကနေပြီးတော့ ချေပလို့ရတယ်။ ဒါက မဟာအောင်မြင်မှုပါ။ နောက်တစ်ခုက တတိယပုဂ္ဂိုလ်( Third Person) က တရားစွဲလို့မရတော့ဘူး။ (ဘီ)အကြောင်းကို ရေးတယ်ဆိုရင် (စီ)က တရားစွဲလို့ မရတော့ဘူး။ အဲဒါလည်း တော်တော်အောင်မြင်မှုတစ်ခုပါပဲ။ တစ်ဖြည်းဖြည်းကောင်းလာမှာပါခင်ဗျ။ အချိန်တော့ နည်းနည်းယူရမှာပေါ့နော်။ တစ်ချိန်တည်းမှာပဲ Cyber Law က ရေးဆွဲနေပါတယ်။ ကျွန်တော် သိသလောက်ပေါ့။ တခြား Anti Hate Speech Law လည်း ရေးဆွဲနေပါတယ်။ တခြား ဒီဂျစ်တယ်ကို အထောက်အကူပြုတဲ့ဟာတွေကိုလည်း လုပ်နေတာအများကြီးပါ။ ဥပမာ - ကျွန်တော်တို့ဘက်ကလုပ်နေတာဆိုရင် Rights to Information Law ပေါ့။ ဒါကိုလည်း ကျွန်တော်တို့ ရေးဆွဲနေပါတယ်။ Zero Draft ရပါပြီ။ အားလုံးက မီဒီယာနဲ့ပတ်သက်ပြီးတော့ ဒီဂျစ်တယ်ကို အထောက်အကူပြုမယ့်ဟာတွေပါ။

မေး။ ။ မြန်မာနိုင်ငံရဲ့ လက်တလော သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုပြောပါဆိုရင် ဝန်ကြီးအနေနဲ့ ဘာများ ပြောချင်လဲ။

ဖြေ။ ။ ကျွန်တော် အဲဒါကိုပြောရင် တစ်ချို့က ဆဲကြ၊ ဆိုကြတာကိုတောင် ကြားတယ်။ အဲဒါကြောင့် ကျွန်တော် အံ့တောင်အံ့သြသွားတယ်။ ဆဲတာကျတော့ လွတ်လွတ်လပ်လပ် ဆဲနေကြတယ်။ ရေးတာကျတော့ လွတ်လွတ်လပ်လပ် မရေးနိုင်ဘူးဆိုပဲ။ ကျွန်တော်က အဲဒါကို မေးရင် အမြဲတမ်းနှိုင်းယှဉ်ပြီးတော့ ပြောပါတယ်။ ကျွန်တော်က ၂၂ နှစ်ကြာ နိုင်ငံခြားသတင်းထောက် လုပ်ခဲ့ပါတယ်။ ၂၀၁၀ မတိုင်ခင်ကနဲ့ နှိုင်းလို့မရဘူး။ ၂၀၁၀ မတိုင်ခင်က အင်မတန် ခရောင်းလမ်းလိုခက်ခဲကြမ်းတမ်းခဲ့တယ်။ ကျွန်တော် သူတို့ကို အပြစ်တင်နေတာ မဟုတ်ဘူးနော်။ အခြေအနေကို ပြောတာပါ။ ခြိမ်းခြောက်မှုတွေ ရှိတယ်။ အများကြီးပါ ။ အခက်အခဲတွေရှိတယ် ။ အဲဒါနဲ့ နှိုင်းလိုက်ရင် ဘာမှကို မဆိုင်ဘူး။ အခုလက်ရှိအခြေအနေဟာ အများကြီး ရေးနေကြပြီ။ တချို့ဆိုရင် ကောင်းကောင်းကို အသုံးချနေကြတယ်။ ဝမ်းသာရတယ်။  ဥပမာ ကာတွန်းဆရာတွေဆိုရင် သိပ်တော်တယ်။ သူတို့ထောက်ပြတာတွေက အရမ်းကို တော်တာပဲ။ တချို့ကလည်း ဘလိုင်းကြီးဆဲတာ တွေ့ရတယ်။ တချို့ဆိုရင် မကြားဝံ့မနာသာ ဆဲကြတယ်။ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်ကတော့ အဲတာတွေကို သိပ်မကြည့်ဖြစ်ဘူး။ ဒါပေမယ့် ပြောကြတာပေါ့လေ ၊  မိတ်ဆွေတွေကပေါ့ ။ အဲဒါလည်း ကျွန်တော် တော်တော်လေး အံ့သြတယ်။ လွတ်လပ်ခွင့်ကို အဲဒီလိုမျိုးဆဲတာ၊ ဆိုတာထက် သတင်းတွေ၊ ဘာတွေ ရေးပါ။ အပြုသဘောနဲ့ ထောက်ပြရင် ဘယ်လောက်ကောင်းမလဲ ။ အဲဒီ ယဉ်ကျေးမှုလေးကို မွေးနိုင်ရင်၊ လက်ဆင့်ကမ်းနိုင်ရင် တကယ့်ကို ကျင့်ဝတ်နဲ့ ညီညွတ်ပြီး ကောင်းမွန်လာမှာပါ။ အဲဒီဟာက တကယ့်လူ့ဘောင်တစ်ခုလုံးကို ယဉ်ကျေးဖို့ ၊ အားလုံးအတွက် ကောင်းတဲ့ အလားအလာတစ်ခုပါ။ နောက်မျိုးဆက်သစ်တွေကိုလည်း ကောင်းတဲ့အစဉ်အလာတွေ ချပြဖို့လိုပါတယ်။ ကျွန်တော်ထင်တာကတော့ အလုပ်ဖြစ်လောက်တဲ့လွတ်လပ်ခွင့် ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အလုပ်ဖြစ်တယ်၊ လုပ်လို့ရတယ်၊  ကောင်းကောင်းရှင်သန်နိုင်တယ်။ သို့သော် သတိတော့ ထားရမှာပေါ့။ သတင်းသမားဘက်ကတော့ သတိထားရမယ်။ ဒါကတော့ လုံးဝကျင့်ဝတ်ကို လိုက်နာဖို့ လိုတယ်။ နောက်တစ်ခုကတော့ တည်ဆဲဥပဒေတစ်ချို့ရဲ့ အန္တရာယ် အတိမ်အနက်ကိုလည်း ကောင်းကောင်းသိဖို့ လိုပါတယ်။ ဒါက အရေးကြီးပါတယ်။ သတင်းသမားဘဝမှာ ကျွန်တော်တို့လည်း ဥပဒေတွေ သင်ခဲ့ရတယ် ။ ဝါသနာအရလည်း လေ့လာခဲ့ရတယ်၊ တည်ဆဲဥပဒေရှိတာကို။ တချို့ဥပဒေတွေဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်ပြီ။ ကျွန်တေ်ာတို့ ဒီအစိုးရလည်းမဟုတ်ဘူး ။ အရင်အစိုးရလည်း မဟုတ်ဘူး ။ ဟိုးအရင်ကတည်းက ကျွန်တော်တို့နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ကိုလိုနီအစိုးရလက်ထက်ကတည်းက ပြဋ္ဌာန်းထားတဲ့ဥပဒေ၊  ကောင်းတဲ့ဥပဒေလည်း ရှိတယ်။ မကောင်းတာလည်း ရှိတယ်။ ခုနကပြောသလို Company Law ဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်ပြီ။ Unlawful Association နဲ့ Official Secret Act တို့ပေါ့။  ဥပဒေတစ်ခုက ဘယ်လောက်ပဲ ဟောင်းနွမ်းပါစေ။ သူဟာ မဖျက်သိမ်းသရွေ့ အကျိုးအာနိသင် ရှိပါတယ်။ ဒါက သိပ်အရေးကြီးပါတယ်။ ပြီးတော့ နောက်တစ်ခုလည်း ရှိတယ်။ ဥပဒေကို မသိခြင်းဟာ ခွင့်လွှတ်နိုင်စရာအကြောင်း မဟုတ်ဘူးတဲ့။ Ignorance off the law is no excuse၊ ဒါက ဥပဒေသမားတိုင်း သိတဲ့ Maxim တစ်ခုပါပဲ။ ဆိုရိုးစကား တစ်ခုပေါ့။ သိအောင် လုပ်ရတော့မယ် ။ မီဒီယာနဲ့ လုပ်စားတော့မယ်ဆိုရင် ဒါက သိကိုသိရတော့မယ်။ ကျွန်တော်ဆိုရင်လည်း ကိုယ့်ရဲ့ တပည့်တွေကို အမြဲတမ်းပြောတယ်။ ကျွန်တော်က စာသင်တာ ဝါသနာပါတော့ သိအောင်လုပ်ထားပါ။ ဘယ်ဥပဒေ ဘယ်လိုရှိတယ်၊  ပြီးတော့ ရှောင်လို့ရတာပေ့ါ။  ကိုယ်ပါးနပ်ခဲ့ရင်ပေါ့။ ကိုယ့်ရဲ့ Professional Skill ကလည်း ရှိရမယ်။ တစ်ဖက်ကလည်း ကျင့်ဝတ်ကို လိုက်နာရမယ်။ တကယ့်လူကြီးလူကောင်းတစ်ယောက် စိတ်ဓါတ်ရှိရင် ကျင့်ဝတ် ရှိရမယ်။ အဲဒါကလည်း သိပ်အရေးကြီးပါတယ်။ အဲလိုဆို အလုပ် လုပ်လို့ ရပါတယ်။ သို့သော် ဒါဟာ ကျေနပ်တာ မဟုတ်ပါဘူး။ အဲဒါကြောင့်လည်း နိုင်ငံတကာက ထုတ်တဲ့ Index မှာ ကျွန်တော်တို့က တော်တော်လေး မြင့်နေသေးတာ။ ကျွန်တော် အဲဒီက နိုင်ငံခြားကလာတဲ့ အဖွဲ့တစ်ချို့နဲ့ တွေ့ပါတယ်။

ယူနက်စကိုတို့ဘာတို့ကလည်း မေးကြတယ်၊ လာကြတယ်။ သူတို့လည်း အဲဒီလိုပဲ သုံးသပ်ကြပါတယ် ။ သိပ်ဆိုးဆိုးဝါးဝါး မဟုတ်ဘူး။ ကျွန်တော်တို့က အိန္ဒိယရဲ့အပေါ်ကိုတောင် ရောက်နေတာပဲ။ အာဆီယံတွေရဲ့၊ အားလုံးရဲ့အပေါ်မှာ ရောက်နေပါတယ်။ သို့သော် ဒါကို ကျွန်တော် ကျေနပ်နေတာ မဟုတ်ပါဘူး။ လုပ်စရာတွေအများကြီး ကျန်ပါသေးတယ်။ ပြီးတော့ ဒီဟာက တိုင်းတာလို့ မရပါဘူး။ သူတို့က တိုင်းချင်သလိုတိုင်း၊ အရေးမကြီးဘူး။ ကျွန်တေ်ာတို့မှာ အစိုးရနဲ့ပြည်သူ၊ မီဒီယာ သဟဇာတဖြစ်ပြီးတော့ လုပ်ဆောင်တဲ့အခါ ကျွန်တော့်မှာ စိန်ခေါ်မှုတွေ ရှိပါတယ်။ မီဒီယာက သိပ်အရေးကြီးပါတယ်။ ပြည်သူနဲ့အစိုးရကြားမှာ ပေါင်းကူးတံတားလို နားလည်မှုတွေ တည်ဆောက်ပေးရမယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နိုင်ငံခြားမှာ၊   နိုင်ငံရဲ့ပုံရိပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းအရှေ့မှာ ပုံဖော်တာက မီဒီယာပါ။ ကျွန်တေ်ာတို့ ပြည်တွင်းမီဒီယာဟာ အားနည်းခဲ့တယ်လေ။ အားနည်းတယ်ဆိုတာက ခါးဆက်ပြတ်ခဲ့တယ်လေ။ ဟိုနှစ်ပေါင်း ရာစုနှစ်တစ်ဝက်ကျော်က ၊ ဒီဟာကို နိုင်ငံတကာမီဒီယာလက်ထဲမှာပဲ အပ်ထားခဲ့ရတယ်။ သူတို့ ကြိုက်သလို ပုံဖော်ပါတော့ဆိုပြီးတော့။  နိုင်ငံတကာ မီဒီယာကလည်း မကောင်းဘူး လို့ ကျွန်တော် မဆိုလိုပါဘူး။ သူ့မှာ သူ့ဟာနဲ့သူ ရှိကြတာပေါ့။ သူ့မှာ Agenda တွေ ရှိမယ် ၊ အများကြီးပေါ့။ လိုရင်းကတော့ ပြည်တွင်းမီဒီယာ သိပ်ပြီးတော့ အားကောင်းတာကို ကျွန်တော် လိုလားပါတယ်။ လွတ်လပ်မှုတွေ လိုလားစေချင်ပါတယ်။ ထိုင်း မှာဆိုရင် သူတို့ နိုင်ငံက ပိုင်တဲ့ဟာတွေပေါ့ ။ သူတို့နိုင်ငံရဲ့ပုံရိပ်ကို နိုင်ငံတကာက ဖော်တာထက် သူတို့ဖော်တာက ပိုပြီးတော့ ထိရောက်ပါတယ်။ ကျွန်တော်တို့မှာ အဲဒါကို ကြည့်ရင် နည်းနည်းအားနည်းတာတွေ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်လို ထုတ်ပြန်တဲ့သတင်းစာတစ်ခုပဲ ရှိတယ်။ ပုဂ္ဂလိကပိုင်လေ။  မြန်မာတိုင်းမ်တစ်ခုပဲ ရှိတယ်။ အဲဒါကလည်း နိုင်ငံတကာက ကြားနိုင်လောက်အောင် မအော်နိုင်သေးဘူး။ သြဇာ မရှိသေးဘူး။ အဲဒါကို ထူထောင်ဖို့ လိုပါတယ်။

မေး။ ။ အဲဒီလိုအခြေအနေတွေ ဖြစ်နေတဲ့ကြားထဲမှာပေါ့နော် ပြည်တွင်းမီဒီယာတွေက ဘဏ္ဍာရေးအကျပ်အတည်း နဲ့ ရင်ဆိုင်ပြီးတော့ တချို့သတင်းစာတွေ ရပ်သွားတာတွေရှိတယ်။ မီဒီယာအလုပ်ကို ပြည့်ပြည့်ဝဝလုပ်ဖို့ အခက်အခဲတွေ ရှိတယ်။ အဲဒီအခြေအနေပေါ်မှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေများ ကူညီသွားဖို့ ရှိပါသလဲရှင့်။

ဖြေ။ ။ ကျွန်တော် စောစောကပြောသလိုပါပဲ။ တော်တော် စိတ်မကောင်းစရာပါပဲ။ ဒါပေမယ့် အဲဒီမှာတော့ ၊ အကြောင်းတော့ နှစ်ခုရှိပါတယ်။ ငွေရေးကြေးရေးအားဖြင့် အမြတ်မရတော့ဘူးပေါ့။ ရပ်တည်ဖို့ ခက်ခဲလာပြီ။ ကျွန်တော် နားလည်ထားတဲ ့မီဒီယာလုပ်ငန်းမှာ၊ အားလုံးမှာ သူတို့ရဲ့ အဓိကဝင်ငွေကို နည်း နှစ်နည်းနဲ့ ရပါတယ်။ တစ်ခုကတော့ သူတို့ သတင်းစာတွေရောင်းလို့ ရတယ်။ နောက်တစ်ခုကတော့ ကြော်ငြာက ရတာပေါ့။ တစ်ချို့ကလည်း အထောက်အပံ့က ရကြတယ်။ ကျွန်တော် မလိုချင်ဆုံးက အထောက်အပံ့ကရတာပဲ။ ဘာမှ၊ဘယ်သူ့ဆီကမှ၊ လက်ဝါးဖြန့်စရာမလိုဘဲ ရပ်တည်နိုင်တဲ့ မီဒီယာမျိုးကို ကျွန်တော် ကြည့်ချင်တယ်။ ဘယ်သူ့ဆီကလည်းဆိုတော့ အစိုးရဆီကသော်လည်းကောင်း၊ ပြည်ပပုဂ္ဂိုလ်တွေဆီကသော်လည်းကောင်း အထောက်အပံ့က ၃ ခု ဖြစ်နိုင်တာပေါ့နော်။ အစိုးရ ဖြစ်နိုင်တယ်။ အစိုးရက ဆင်းရဲတော့ မထောက်ပံ့နိုင်ဘူး။ နောက် ပြည်တွင်းပုဂ္ဂလိကအလှူရှင်တွေ ရှိမှာပေါ့။ အဲဒါကလည်း ကျွန်တော်သိသလောက် မလုပ်နိုင်သေးဘူး။ အဲဒီတော့ ပြည်ပကနိုင်ငံတွေ ရှိမယ်။ ပြည်ပ တစ်ဦးချင်း၊ တစ်ယောက်ချင်း ရှိမယ်။ အဖွဲ့အစည်းတွေ ရှိမယ်။ သူတို့ရဲ့ အထောက်အပံ့တွေက နှောင်ကြိုးပါလိမ့်မယ်လို့ ကျွန်တော် အပြည့်အဝ ကျွန်တော် အပြည့်အဝရိုးသားစွာ ယုံကြည်တယ်။ အဲဒီအခါကျတော့ ကျွန်တေ်ာမိတ်ဆွေအချို့၊ မီဒီယာညီအစ်ကိုတွေ ညီမတွေကျတော့၊ သူတို့ဟာ လွတ်လပ်သင့်သလောက် မလွတ်လပ်ဘူးလို့ ကျွန်တော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လွတ်လပ်လပ် ရေးလို့ရတာပဲ။ သူတို့ရဲ့ အယ်ဒီတာပိုင်းဆိုင်ရာ ပေါ်လစီပေါ့။ သူတို့ကို အထောက်အပံ့ပြုတဲ့သူတွေကများ ဝေဖန်ပြောဆိုခံနေရသလား။ အဲလို မဖြစ်ပါစေနဲ့လို့ ကျွန်တော် ဆုတောင်းပါတယ်။ ကျွန်တော်တို့ လုပ်ပေးနိုင်တာက တစ်ခုပေါ့လေ။ ငွေရေးကြေးရေးက ပေးဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ကျွန်တော်တို့ဌာန တစ်ခုတည်းနဲ့လည်း လုပ်လို့မရဘူး။  အဲဒါက တင်ပြရမယ် ၊ ဆွေးနွေးရမယ်၊  ပြီးတော့ စံတွေ ၊ လုပ်စရာတွေကတော့ အများကြီးပေါ့။ လောလောဆယ် သူတို့ရပ်တည်နိုင်အောင် ကျွန်တော်တို့ လုပ်ပေးနိုင်တာကလေ ၊ ကော်မာရှယ် အပိုင်းကတော့ လုပ်ရမှာပါ။ တဖြည်းဖြည်း  ရေရှည်စီမံကိန်းတော့ ရှိပါတယ်။ အခုက (Acess To Information) သတင်းရပိုင်ခွင့် ကောင်းအောင် လုပ်ပေးနေတာပါ။ သတင်းလုပ်တဲ့အခါမှာ Professional ပိုကောင်းအောင် သတင်းအချက်အလက် ပိုကောင်းအောင် ရရှိနိုင်လာအောင် လုပ်ပေးရမှာပေါ့။ အဲဒီအပိုင်းမှာ ကျွန်တော်တို့ လုပ်ပေးနိုင်တာ အများကြီးရှိပါတယ်။ သွားတာ လာတာတွေမှာ ပဋိပက္ခနေရာတွေကို သွားဖို့၊လာဖို့ စီစဉ်ပေးပါတယ်။ အရင်ကလို အခက်အခဲသိပ်ပြီးတော့ မရှိတော့ဘူးပေါ့လေ။ အရင်ကဆို လုံးဝ ပိတ်ထားတာ ။ အခုတော့ အထိုက်အလျောက်ပေါ့ ။ အခုဆို ရခိုင်ကို လွှတ်နေပါတယ်။ ၂ ပတ်တစ်ခါ လွှတ်တယ်။ ပြည်တွင်းကရော၊ ပြည်ပကရော သတင်းသမားတွေ လွှတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အားနည်းချက် တစ်ခု၊ နှစ်ခုတော့ ရှိတာပေါ့နော်။ ကျွန်တော်တို့က မချမ်းသာဘူးခင်ဗျ။ ကိုယ့်စရိတ်နဲ့ကိုယ် သွားခို်င်းရတယ်။ ဒါက အင်မတန် ရိုးသားစွာ ပြောတာပါ။ အဲဒီအခါကျတော့ တချို့က နည်းနည်းတွန့်သွားတာပေါ့။ နောက်တစ်ခုက သွားရေး၊လာရေးအခက်အခဲ ရှိပါတယ်။ ရခိုင်ဆိုရင် လေယာဉ်နဲ့ သွားရတယ်။ တချို့နေရာတွေဆိုရင် ဟယ်လီကော်ပတာနဲ့ သွားရတယ်။ ရာသီဥတုအပေါ် မူတည်တယ်။ စရိတ်စက တည်းဖို့ခိုဖို့ အခက်အခဲ ရှိပါတယ်။ နောက်တစ်ခုက လုံခြံုရေးလည်း စိုးရိမ်ရပါတယ်။ အဲဒီလို ပြောပြန်တော့လည်း တချို့က သက်သက်အကြောင်းပြတာတဲ့။ ဘယ့်နှယ့် အကြောင်းပြရမှာလဲ။ ဟိုမှာ ရဲစခန်း ၃၀ ကျော်ကိုတောင် ဝင်စီးခဲ့ပြီပဲ။ စဉ်းစားကြည့်ပေါ့။ ကျွန်တော်တို့ သွားလို့ရတဲ့နေရာ အားလုံးကို လိုက်ပြနေပါတယ် ၊ တဖြည်းဖြည်းပေါ့။ ဟိုမှာလည်း စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ အဲဒါကိုလည်း ကျွန်တော်တို့က ကိုင်တွယ်ရတယ်။ နောက် အပြန်အလှန်ယုံကြည်မှုလည်း တည်ဆောက်ရပါတယ်။ ကိုယ်တိုင်ကလည်း မီဒီယာသမားတစ်ယောက် ဖြစ်ခဲ့တော့ ကိုယ်ဘာလိုချင်လဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ အဲဒါကို နားလည်ပါတယ်။ ကျွန်တော်တို့က နှစ်ပေါင်း ၂၀ ကျော် နိုင်ငံတကာမီဒီယာသမားတစ်ယောက်အနေနဲ့ အပြင်ကနေ ကြည့်ခဲ့တာပေါ့။ အဲဒီတော့ ဘာလို့လဲဆိုတာ ကျွန်တော် သိပါတယ်။ အဲဒီကနေပြီးတော့ပဲ ကျွန်တော် အတွင်းကို ရောက်လာတာပေါ့နော်။ တတ်နိုင်သလောက် ဘာလုပ်ပေးနိုင်မလဲ။ လုပ်ပေးဖို့တော့ ဆန္ဒရှိပါတယ်။ ရေရှည်မှာတော့ အဲဒီလိုဖြစ်မှာပါ။ အခု နိုင်ငံပိုင် သတင်းစာ သုံးစောင် ရှိတာပေါ့လေ။ ကျွန်တော်တို့ ဒီမိုကရေစီရင့်သန်လာတာနဲ့အမျှ နိုင်ငံပိုင်မီဒီယာကလည်း နောက်ဆုတ်လေလေပေါ့။ ကျွန်တော်အတွေ့အကြံုအရ ဒီမိုကရေစီ နေသားကျနေတဲ့ နိုင်ငံတွေမှာ နိုင်ငံပိုင်မီဒီယာ လုံးဝမရှိသလောက်ပါပဲ။ တချို့ဆို ဌာနတောင်မရှိဘူး။ ဥရောပနိုင်ငံဆို ပြန်ကြားရေးဝန်ကြီးဌာနတောင် မရှိတော့ဘူး။ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီမိုကရေစီက အခုမှ (၇) နှစ်သားပဲ ရှိသေးတာကို။ ကျွန်တော်တို့က အခုမှ ဒီမိုကရေစီတည်ဆောက်ဖို့ လုံးပန်းနေရတုန်း ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရှေ့ကို ဆက်ပြီးတော့ ရွေ့ဖို့အတွက် ကျွန်တော်တို့က ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ထက် အများကြီး တာထွက်စောတဲ့လူတွေ ကြည့်ပါဦး။ ထိုင်းဆိုရင်လည်း ကြည့်ပါအုံး။  သူ့မှာလည်း ရုန်းကုန်လှုပ်ရှားနေရပါတယ်။ ကျွန်တော်တို့က (particular ability) နိုင်ငံရေး တည်ငြိမ်မှု  အရမ်းအရေးကြီးပါတယ်။ အဲဒါရှိမှ စီးပွားရေးတိုးတက်မယ်။ ပြီးမှ အပြန်အလှန်ပေါ့လေ။ ဒီမိုကရေစီလည်း ဖြစ်ထွန်းလာမယ်။ ဒီမိုကရေစီ ရင့်သန်လာလေလေ၊   နိုင်ငံပိုင်မီဒီယာရဲ့ အခန်းကလည်း နောက်ကို ဆုတ် ဆုတ်လာလိမ့်မယ်။ အဲဒါက ဒီလိုပဲ သွားပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ။ အဲဒါဆိုလို့ရှိရင် ဝန်ကြီးပြောသွားသလိုပဲပေါ့နော် ဒီမိုကရေစီလမ်းကြောင်းအတွက် မြန်မာနိုင်ငံက သွားနေတဲ့အချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနကနေပြီး ဆက်လက်ပြီး ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ သဘောပေ့ါနော်။

ဖြေ။ ။ အထောက်အပံ့က အခုလည်း ပေးနေပါတယ်ခင်ဗျ။ ကျွန်တော်တို့ ကျရာတာဝန်ကို ထမ်းဆောင်နေပါတယ်။ သို့သော် စိန်ခေါ်မှုတွေကတော့ အလုံးလိုက်ကို တက်လာတာပေါ့နော်။ ကျွန်တော်တို့ လုပ်ချင်တာက ပြည်တွင်းကမီဒီယာတွေ၊ ညီအစ်ကိုတွေကို စနစ်တကျသိက္ခာရှိစွာနဲ့ ရှင်သန်အောင် ကူညီပေးချင်ပါတယ်။ မီဒီယာရဲ့ထောက်ပံ့မှုက သိပ်အရေးကြီးပါတယ်။ ဘယ်မှာမဆို မီဒီယာရဲ့ အခန်းကဏ္ဍဟာ ဘယ်တော့မှ မပြီးသွားဘူးခင်ဗျ။ ကျွန်တော်တို့ ကလေးဘဝကလည်း လုပ်ခဲ့ရတယ်။ ကျွန်တော်တို့ တပ်မတော်အစိုးရလက်ထက်မှာ ဒီမိုကရေစီပေါ်ထွန်းရေးအတွက် လုပ်ခဲ့ရတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီ။ လုပ်နေရမှာပဲ ။ ဒီမိုကရေစီဖြစ်လာရင် မီဒီယာက ပိုတောင် အရေးပါလာပြီ ။ သိပ်လွတ်လပ်သွားပြီလေ ။ အဲဒီအခါမှာ မီဒီယာက သူ့အလုပ်ကို ပိုတောင် ပီပြင်အောင်လုပ် ရတော့မယ်။ တကယ့်ကို ဒေါင်ဒေါင်မြည်တဲ့ Self- regulted မီဒီယာတွေ လိုလာပြီ ။ စနစ်တကျထောက်ပြမယ့်ဟာပေါ့။ မဏ္ဍိုင်သုံးရပ်နဲ့ ပြည်သူနဲ့ကြားမှာ စနစ်တကျထောက်ပြဝေဖန်တာပေါ့။ အပြုသဘောဝေဖန်တာ သိပ်အရေး အကြီးပါတယ်။ အဲဒီကာလကို ကျွန်တော် မျှော်လင့်ပါတယ်။ ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။ အားလုံးတော့ ဝိုင်းဝန်းပြီးတော့ လုပ်ဖို့ လိုတာပေါ့။ အဲဒါအတွက် သူတို့ကို အရင် အမှီအခို ကင်းစေချင်ပါတယ်။ အားလုံးကတော့ သူ့ဟာနဲ့သူ ဆက်စပ်နေတာပေါ့လေ။

မေး။ ။ ခုနက ဝန်ကြီးပြောသွားတဲ့ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ထည့်ပြောသွားတဲ့နေရာမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ အသိုက်အဝန်းကလည်း မြန်မာနိုင်ငံကို တော်တော်လေး ထိုးနှက်တာရှိတယ်။ လူမျိုးတုန်း သတ်ဖြတ်မှုလို့ စွပ်စွဲတာတွေလည်း ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာကို ဝန်ကြီးအနေနဲ့ ဘာများ သတင်းစကား ပါးလိုပါလဲရှင့်။

ဖြေ။ ။ နိုင်ငံတကာကို ကျွန်တော်တို့ကတော့ သတင်းစကား အကြိမ်ကြိမ် ပါးနေတာပါပဲခင်ဗျာ။ ပါးသာ ပါးတယ်၊ မရောက်ဘူးလား မသိပါဘူး။ ကျွန်တော်တို့ နိုင်ငံတကာမီဒီယာတွေရော၊  ပြည်တွင်းမီဒီယာတွေရော ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားခဲ့တုန်းကဆိုရင်၊ ၂၀၁၀ မတိုင်ခင်ကဆိုရင် နိုင်ငံတကာမီဒီယာတွေက တော်တော်လေးကို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီမှာ လုပ်ခဲ့ပါတယ်။ သိပ်ပြီးတော့ ဂုဏ်ယူခဲ့ပါတယ်။ စွန့်စားမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ငါ့တိုင်းပြည်ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ငါလုပ်နေပါလားဆိုပြီး ကျွန်တော် သိပ်ကျေးဇူးတင်ပါတယ်။ အဲဒါအပြင် တစ်ချိန်တစ်ခါက Exile Media လို့ခေါ်တဲ့ DVB တို့၊ RFA တို့၊ VOA တို့ကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်။ တချို့ ကျွန်တော်မိတ်ဆွေ တွေဆိုရင် မြန်မာနိုင်ငံသားတွေ မဟုတ်တော့ဘူး။ ဒါပေမယ့် တိုင်းပြည်ချစ်စိတ် ရှိကြပါတယ်။ ကျွန်တော် အသိအမှတ်ပြုပါတယ်။ မြန်မာမှန်ရင်ပေါ့လေ။ ကိုယ့်ရဲ့ မိခင်နိုင်ငံကို စေတနာထားကြတယ်ဆိုတာ မှန်ပါတယ်။ အခုဆိုရင် သူတို့ ဒီမှာလှုပ်ရှားလို့ရပြီပေါ့နော်။ ကျွန်တော်ပြောချင်တာကတော့ သူတို့ရဲ့ကူညီပံ့ပိုးမှုကို ဆက်ပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။ သူတို့ရဲ့ကူညီမှုနဲ့ ကျွန်တော်တို့ဟာ ဒီမိုကရေစီလမ်းကြောင်းအပေါ်ကို ရောက်လာခဲ့ပါပြီ။ အရေးကြီးတာက ကျွန်တော်တို့ ရှေ့ကိုဆက်နိုင်ဖို့အတွက် ဆက်ပြီးတော့ကူညီကြပါ။ ပ့ံပိုးကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလမ်းကြောင်းက သွေဖည်သွားရင် အင်မတန်ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်လာမှာပေါ့နော်။ ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာရော  မကောင်းဘူးပေါ့။ အခုဆိုရင် ကျွန်တော်ပြောသလိုပါပဲ ။ စိန်ခေါ်မှုက တော်တော်ကြီးထွားနေပါတယ်၊ ဒီရခိုင်ဒေသကို အကြောင်းပြုပြီးတော့။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ဒေသနဲ့ ပတ်သက်လို့ နိုင်ငံတကာကိုပြောပြတဲ့အခါမှာ ကျွန်တော်တို့က တော်တော်ကို အားနည်းခဲ့ပါတယ်။ ပြည်တွင်းမီဒီယာတွေရော၊ နိုင်ငံပိုင်ရော၊ ပုဂ္ဂလိကရော အားနည်းခဲ့ပါတယ်။ ဒါက အပြစ်တင်တာမဟုတ်ပါဘူး။ လုံးဝ ခါးကြောပြတ်သွားတာကိုး ။ ၁၉၆၂ မှာ အရင်အစိုးရ တက်လာတယ်။ ၆၄ မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ စီးပွားရေးအဖွဲ့အစည်းအားလုံးကို ပြည်သူပိုင်သိမ်းတယ်။ အဲဒီမှာ ပုဂ္ဂလိကမီဒီယာတွေ အားလုံးပါသွားတယ်။ ကျွန်တော်ကြားဖူးတာလေ။ ကျွန်တော် ကလေးပေါက်စက ကျွန်တော်တို့နိုင်ငံက ထုတ်တဲ့ Nation တို့ဆိုရင် နိုင်ငံတကာက ဝယ်ဖတ်ရတယ်။ ထိုင်းတို့၊ မလေးရှားတို့က ဖတ်ရတယ်။ ကျွန်တော်တို့ သတင်းလောကထဲကို ဝင်လာတော့ အဲဒါတွေက ပြောင်းပြန် ဖြစ်သွားပြီ။ အဲဒီတော့ ကျွန်တော်တို့ပုံရိပ်ကို ကျွန်တော်တို့ မဖော်နိုင်တော့ဘူး။ ကျွန်တေ်ာတို့ရဲ့ မဟာဆုံးရှုံးမှုပဲ။ နိုင်ငံတကာမီဒီယာတွေက အရမ်းပြိုင်ဆိုင်ကြတယ်။ ပြိုင်ဆိုင်မှုက သိပ်ကြောက်စရာ ကောင်းပါတယ်။ ပြီးတော့ ပြိုင်ဆိုင်ကြတဲ့အခါမှာ ဘာဖြစ်လာလဲဆိုတော့ လူတွေရဲ့ စိတ်အာရုံကို ထိခိုက်အောင် ဖမ်းစားပြီးတော့၊ စာလုံး သုံးတာကအစ စာလုံးအကြီးကြီးတွေကို သုံးတယ်။ Genocide တို့၊ Ethnic Cleaning တို့ ဘာတို့ ညာတို့ပေါ့။ အဲဒါမျိုးတွေရှိတယ်။ နောက်တစ်ခုက Agenda တွေ ပါ ပါတယ်။ Agenda ဆိုတာ သူတို့လိုချင်တာကို ပုံဖော်တာပေါ့။ နှပ်ကြောင်းပေးပြီးတော့ပေါ့။ Media House အနေနဲ့ကတော့ အဲဒီလိုရှိချင်မှ ရှိမှာပါ။ များသောအားဖြင့်က မရှိပါဘူး။ ဒါပေမယ့် သူတို့ကို နောက်ကပံ့ပိုးနေတဲ့သူတွေ ၊ သူတို့ရဲ့ Share Holder တွေ၊  သူတို့ရဲ့ စီးပွားရေးပါတနာတွေ ၊ သူတို့ရဲ့ သြဇာတွေက ဝင်လာပါတယ်။ ကျွန်တော်သိသလောက်  အင်မတန် ရိုးသားစွာ ပြောတာပါ ။ အဲဒါက Media House တစ်ခုမှာ ဟိုးအောက်ခြေကနေ အပေါ်ထိ ၊ အားလုံးဟာ တစ်နည်းမဟုတ်တစ်နည်း ထိုးဖောက်မှုတွေ ရှိပါတယ်။ အဲဒီအခါကျတော့ နိုင်ငံတကာ မီဒီယာတွေရဲ့ ရေးသားတင်ပြမှုဟာ အမြဲတမ်း ဘက်လိုက်မှုကင်းတယ်လို့ ပြောဖို့ ခက်ပါတယ်။ နောက်တစ်ခုက Commercialize  လုပ်တာပေါ့။ သူတို့ရဲ့ သတင်းထွက်ကုန်ကို ကုန်ပစ္စည်းဆန်ဆန် ထုတ်လုပ်ကြတယ်။ စီးပွားရေးအမြင်က ကြည့်ပြီးတော့ သူတို့ရဲ့ Market က ဘယ်မှာရှိလဲ၊ အဲဒီ Market ရဲ့ အကြိုက်ကို လိုက်ပြီးတော့ ရေးကြတယ်။ အဲဒါက သဘာဝပါပဲ။ သာမာန်ပစ္စည်းတစ်ခုလိုပေါ့။ သုံးစွဲသူ အကြိုက်ကို လိုက်ပြီးတော့ လုပ်ကြတာပေါ့။ ဒါပေမယ့် သတင်းဟာ အဲဒီလိုမျိုးကုန်ပစ္စည်း မဟုတ်ပါဘူးခင်ဗျ ။ အဲဒီအခါကျတော့ အမှန်တရားနဲ့ ကင်းကွာသွားတာပေါ့။ ကျွန်တော်တို့ဟာ အဲဒီဒဏ်တွေကို ခံနေရတာပါပဲ။ ကျွန်တော် ရိုးသားစွာ မြင်ပါတယ်။ အဲဒီဟာတွေကို ကျွန်တော်တို့ ပေးဆပ်နေရတယ်။ ပြီးတော့ ဒီ Issue ရဲ့ နောက်ကွယ်မှာရှိတဲ့လူတွေ၊ အဖွဲ့အစည်းတွေကို ကြည့်လိုက်ပါဦး ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံ ၊ သူတို့ကပဲ သူတို့ အစည်းအဝေးကို လက်ခံပြီးတော့ လုပ်နေပြီ ။ ကျွန်တော်တို့က ပြေလည်ရာပြေလည်ကြောင်း ဖြေရှင်းဖို့ ကြိုးစားနေတယ်။ တစ်ချက်မှ နားမထောင်ဘူး။ ကျွန်တော်တို့က ပြောပါတယ် ။ တတ်နိုင်တဲ့ အတိုင်းအတာကို အားလုံးပြင်ဆင်ထားပြီးပါပြီ ။ လာခဲ့ပါတော့ ။ လက်ခံဖို့ အဆင်သင့်ဖြစ်ပါပြီ ။ အဲဒီ Message က မရောက်ဘူးခင်ဗျ။ နိုင်ငံတကာအသိုင်းအဝိုင်းက တော်တော် ဝမ်းနည်းစရာကောင်းတယ်။ အားလုံးက ကျွန်တော်တို့ကို လျစ်လျူရှုထားသလားလို့ ၊ ကျွန်တော်တို့ စိတ်မကောင်းဖြစ်မိတယ်။

နိုင်ငံတကာ သတင်းသမားမိတ်ဆွေတွေကို တွေ့ရင် ပြောပါတယ်။ သံတမန်တွေ တွေ့ပါတယ်။ တချို့ စာနာပါတယ်ခင်ဗျ။ ကျွန်တော်တို့ မှာတဲ့  စကားလေးကို ရောက်အောင် ပို့ပေးပါဦး ။ ဒါပေမယ့် သူတို့ လိုချင်တဲ့ဟာက ဒီကို အေးအေးဆေးဆေး ပြန်လာဖို့ဟာ မဟုတ်ဘူး။ သူတို့က ဒီ Issue ကို အသုံးချပြီးတော့ သူတို့တောင်းဆိုနေတာကိုလည်း ကြားပါလိမ့်မယ်နော်။ ကုလသမဂ္ဂ စောင့်ရှောက်ခံ နယ်မြေ ပေါ်ထွန်းဖို့ တစ်ဖက်နိုင်ငံမှာလည်း ရွေးကောက်ပွဲ လုပ်ဖို့ရှိတယ် မကြာခင်မှာ ။ သူတို့က ဒီမိုကရေစီနဲ့ ကျွန်တော်တို့ထက် ရှေ့ကိုရောက်ပါတယ်ခင်ဗျ။ ဒီမိုကရေစီအားဖြင့်ဆိုရင် ကျွန်တော်တို့ထက် အများကြီးရှေ့ရောက်ပါတယ်။ လွတ်လပ်ရေး ရတာတော့ နောက်ကျတာပေါ့နော်။  ရွေးကောက်ပွဲလာတယ်၊ လာတဲ့အခါကျတော့ အဲဒါကို ကျွန်တော် စိုးရိမ်ပါတယ်။ ပုဂ္ဂိုလ်ရေးအားဖြင့်လေ။ အဲဒီရွေးကောက်ပွဲအတွက် အသုံးချမှာကို စိုးရိမ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံက အနောက်နိုင်ငံတစ်ချို့ပေါ် တော်တော် သြဇာလွှမ်းမိုးမှု ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အထူးသဖြင့် ဗြိတိန်နိုင်ငံမှာပေါ့။ အဲဒီနိုင်ငံ ကျွန်တော် ရောက်ဖူးပါတယ်။ ကျွန်တော်မိတ်ဆွေတွေလည်းရှိတယ်။ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန် နိုင်ငံသားတွေ အများကြီးပါ။ သူတို့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ အနိုင်ရကြတယ်။ အဲဒီအကျိုးဆက်က ဘာဖြစ်သွားလဲဆိုတော့ ဗြိတိသျှအစိုးရအပေါ်မှာ သူ့မှာလည်း ပါတီသြဇာမရှိတော့ဘူး။  နိုင်ငံရေးရှိတာကို ပြိုင်ဆိုင်ရတယ်လေ။ ဆိုတော့ သူနဲ့ ပူးပေါင်းဖို့ဆိုတာက မဟာမိတ်ဖွဲ့ရမယ်။ ကျွန်တော်တို့ စဉ်းစားဖို့လိုတာပါ။ ပြည်တွင်းက မီဒီယာညီအစ်ကိုတွေ ၊ တော်တော်လေး ဝေးဝေးကြည့်ဖို့ လိုပါတယ်။ ကွက်ကွက်လေး ကြည့်လို့ မရတော့ဘူး။  တကယ့်ကို ဒေါင်ဒေါင်မြည်တဲ့ သတင်းသမားတွေ ပြည်တွင်းမှာ ပေါ်ထွန်းဖို့ကို ကျွန်တော်တို့ အရမ်းကိုကူညီပေးချင်ပါတယ်။ အဲဒါအတွက်ကတော့ အင်မတန် စီးပွားရေးအရ ခိုင်မာတောင့်တင်းတဲ့ မီဒီယာတွေ ၊ သတင်းစာတွေ ပေါ်ထွန်းဖို့ လိုပါတယ်။ ပြီးမှ လစာကောင်းကောင်း ပေးထားနိုင်မှာပေါ့။ ထူးချွန်ထက်မြက်တဲ့ သတင်းသမားတွေ သတင်းလောကက ထွက်သွားပြီး PR ဝင်လုပ်တယ်။ NGO တွေမှာ ဝင်လုပ်တယ်။ အခြား နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ဝင်လုပ်တယ်။ CSO တွေမှာ Advocacy ဝင်လုပ်တယ်။ ကျွန်တော် အရမ်းစိတ်မကောင်း ဖြစ်ရတယ်။ တစ်ချို့ကလည်း Training အပိုင်းကို ပြောင်းသွားကြပါတယ်။ တော်ကြပါတယ်။ တစ်ဦးချင်း တစ်ယောက်ချင်းစီ ကို ချဉ်းကပ်ပြီး မေတ္တာရပ်ခံပါတယ်။ လစာတော့ မပေးနိုင်ဘူးပေါ့။ သတင်းသမား လုပ်ပါလားလို့။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်က ပိုက်ဆံပေးနိုင်တာကိုး ။  သတင်းသမားတွေ အားနည်းပါတယ် ခင်ဗျား။ ကျွန်တော်လေ တစ်ခါတစ်ခါ စဉ်းစားကြည့်မိတယ်။ ဒေါင်ဒေါင်မြည်တဲ့ သတင်းသမား (၃၀) လောက်ဆိုရင် တိုင်းပြည်ကို ကောင်းကောင်း ထိန်းကျောင်းလို့ရတယ်။ ကိုယ့်ဘာသာကို စိတ်ကူးကြည့်တာပါ။ ကလေးဆန်တယ်   ပြောရင်လည်း ပြောပေါ့။ အင်္ဂလိပ်မြန်မာ ရေးတတ်တဲ့ဟာပေါ့။ ဘာသာစကားနှစ်မျိုးတော့ တတ်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာလည်း လိုတာကိုး ။ ကျွန်တော် ဒီအခန်းထဲမှာပါပဲ၊ လွန်ခဲ့တဲ့ နှစ်လကျော်လောက်ရှိမှာပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဒီတာဝန်ကို ထမ်းဆောင်တာ လေးလတောင် မရှိသေးပါဘူး။ ဒီတာဝန်ထမ်းဆောင်ပြီး တစ်လအကြာမှာ ကျွန်တော် ကူဝိတ်နိုင်ငံက သတင်းမီဒီယာကောင်စီက ဒုတိယဥက္ကဋ္ဌနဲ့ တွေ့ပါတယ်။ သူနဲ့ကျွန်တော် အကြာကြီး ဆွေးနွေးခွင့်ရတယ်။ ကျွန်တော်ရှင်းပြတော့ သူ ပြန်ခါနီး ကျွန်တော်ကို ဘာပြောသွားလဲဆိုတော့ အဲဒီမှာ သူ နားလည်ခွင့်ရ လိုက်တာပေါ့။ သူက သဘောတူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကူဝိတ်က တခြားမီဒီယာရဲ့ဒဏ်ကို သူ ကောင်းကောင်းခံစားခဲ့ဖူးတယ်။ အီရတ်နဲ့ပတ်သက်တဲ့ကိစ္စ၊ ဆော်ဒီနဲ့ ပတ်သက်တဲ့ ကိစ္စ အများကြီးပေါ့။ သူက ကျွန်တော်ကို ဘာပြောလဲဆိုတော့ မင်းပြောတာ အာရဗီ ဘာသာလုပ်လို့ လိုမျိုးပေါ့ ။ ဟိုဘက်က နားလည်ရင် သိပ်ကောင်းမှာပဲတဲ့။ သူက PR လုပ်ဖို့ဟာကို ပြောတာပါ။ ကျွန်တော်တို့ အဲဒီအပိုင်းမှာ သိပ်လိုပါတယ်။ အင်္ဂလိပ်လိုပြောတဲ ့နိုင်ငံတွေ ရှိတယ်။ ကျွန်တော်တို့ရဲ့ Target Audience က ဥရောပရော ၊ အရှေ့အလယ်ပိုင်းရော သူရဲ့သြဇာက အများကြီး ပါတာကိုး။ OIC တို့က နိုင်ငံပေါင်း ၅၀ ဆယ်လောက် ရှိတယ်။ အမေရိကန်ရော အများကြီးပေါ့ ။ သိအောင်လုပ်ရမယ်။ အဲဒါကို ကျွန်တေ်ာက မီဒီယာညီအစ်ကိုတွေကို မေတ္တာရပ်ခံချင်တာပါ။ လုပ်စရာတွေက အများကြီးရှိပါတယ်။ အားလုံး ကိုယ့်နိုင်ငံအတွက်ပေါ့လေ။ တစ်ချို့ကတော့ ပြောကြတာပေါ့လေ ။ တချို့က Pro West၊ Pro Russia ပြောကြတာပေါ့လေ။ ကျွန်တော်တို့ကတော့ Pro မြန်မာပဲ ဖြစ်စေချင်ပါတယ်။ အဲဒီတော့ ကိုယ်နေတဲ့နိုင်ငံပါပဲ အယူအဆ ကွဲလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တူညီတဲ့ ရပ်တည်ချက်ကတော့ နိုင်ငံ့အတွက်ပါပဲ။ ဘယ်လိုနောက်ခံကပဲလာလာပေါ့။ အဲဒီစကားကလည်း ကျွန်တော် အမြဲတမ်း ကြားရပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် တချို့ ကျွန်တော်ကို မေးကြပါတယ်။ နိုင်ငံခြားသားက မေးတယ်။ မင်းဌာနမှာ အများစုက တပ်မတော်ကလာတဲ့သူတွေ ရှိမှာပေါ့တဲ့။ မင်း လုပ်ရကိုင်ရတာခက်မှာပေါ့တဲ့။ ကျွန်တေ်ာ ရှင်းပြတယ်။ ခင်ဗျား စဉ်းစားကြည့်ပါလို့ ။ နိုင်ငံတစ်ခုကို ရာစုနှစ်တစ်ဝက်ကျော်လောက် တပ်မတော် အုပ်ချုပ်ခဲ့တယ်။ တပ်မတော်ကလာတဲ့သူနဲ့ ဘယ်လိုများကင်းကွာနိုင်မလဲလို့ ။ သို့သော် ငါတို့မှာ အရေးကြီးတဲ့ တူညီမှု တစ်ခုရှိတယ်။ ငါတို့အားလုံးက မြန်မာတွေချည်းပဲ ။ အဲဒါက သိပ်အရေးမကြီးဘူး ။ ကျွန်တေ်ာက အဲဒါကို ဘာမှ အရေးမကြီးဘူးလို့ထင်တယ်။ အဓိက တိုင်းပြည်ကိုချစ်ဖို့၊ အရည်အချင်းရှိဖို့ပါပဲ။ ပြီးတော့ ကျွန်တော်တို့ အခုလက်ရှိ အုပ်ချုပ်နေတဲ့အစိုးရကိုလည်း ကြည့်ပါဦး ။ ဒီအစိုးရက ဘယ်သူနဲ့မှမတူမှ လက်တွဲစရာမလို၊ ကိုယ့်ဘာသာကိုယ် အစိုးရဖွဲ့နိုင်တဲ့ Landslide Victory ရခဲ့တယ်။ သို့သော် သူက အမျိုးသားသွေးစည်းညီညွတ်ရေးကို လိုချင်လို့ ၊ သူက ညွှန့်ပေါင်းအစိုးရ မဟုတ်ဘူး။ သူရပ်တည်ဖို့အတွက် ဖွဲ့ပေးခဲ့တာမဟုတ်ဘူး။ အားလုံးကို လက်တွဲပြီးတော့ပေါ့ ။ ကျွန်တော် အဲဒီလိုမျိုး နားလည်ပါတယ်။ ကျွန်တော်တို့ ခေါင်းဆောင် ပေးခဲ့တဲ့ Message က အားလုံးကို သွေးစည်းညီညွတ်ချင်တယ်။ ကျွန်တော်တို့ဆိုရင်လည်း အဲဒိီလိုမျိုးပေါ့ ။ ပါတီနောက်ခံနဲ့ ဝင်လာတာမဟုတ်ဘူး။ တစ်ဖက်က အရင်အစိုးရလက်ထက်က အုပ်ချုပ်ခဲ့တဲ့ ပါတီက ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေလည်း အများကြီးပါ ။ အရေးကြီးတဲ့နေရာတွေပေါ့နော်။ တပ်မတော်နောက်ခံကလည်း ပါတယ် ။ အားလုံး အစုံပါကြပါတယ်။ အဲဒါကိုက ကျွန်တေ်ာတို့ရဲ့ ထူးခြားတဲ့ အသွင်သဏ္ဍာန်တစ်ခုပါပဲ။ ကျွန်တော်ကတော့ သံတမန်တွေကို ပြောပြပါတယ်။ နောက်ပြီး မီဒီယာညီအစ်ကိုတွေကိုလည်း အဲဒီ လိုဟာမျိုးကို နားလည်စေချင်ပါတယ်။ ဘယ်လို Background ကပဲလာလာ အဓိကတော့ တိုင်းပြည်အတွက်ပဲပေါ့လေ။ အဲဒီအသိစိတ်နဲ့ အလေးအနက်ထားပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။  ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required