“ အဖျက်အမှောင့်တွေကို ဘယ်သူ ကာကွယ် တားဆီးမလဲ ”

“ အဖျက်အမှောင့်တွေကို ဘယ်သူ ကာကွယ် တားဆီးမလဲ ”

ခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့အချိန် နှစ်လစွန်းစွန်းပဲ ကျန်ပါတော့တယ်။ ဒါ့အပြင် လာမယ့် စက်တင်ဘာ ၈ ရက်နေ့ဆိုရင် လွှတ်တော် အမတ်လောင်းတွေဟာ တရားဝင် မဲဆွယ် စည်းရုံးခွင့် ရကြပါတော့ မယ်။ ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေတွေအရ အမတ်လောင်း တစ်ယောက်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့တိုင်အောင် မဲဆွယ်စည်းရုံးရေးကာလ၊ ပြုမူပြော ဆိုပုံတွေနဲ့ တခြားအကြောင်း အချက်တွေကြောင့် ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး တိုင်ကြားခံရနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

ဒါကြောင့် နိုင်ငံရေးပါတီကြီးတွေနဲ့ အနိုင်ရဖို့ရှိတဲ့ ပါတီ အတော်များများဟာ မဲဆွယ်စည်းရုံးရေးကာလ အမတ်လောင်းတွေရဲ့ ဟောပြောမှုဥပဒေနဲ့ မငြိ စွန်းစေဖို့၊ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုဆောင်ရွက်ဖို့ အတော်လေးကို သတိထားနေကြတာ တွေ့ရ ပါတယ်။ ဒါပေမယ့်လည်း ပြဿနာက နိုင်ငံရေးပါတီတွေချည်းမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီဝင်တွေလို့ ကိုယ့်ကိုယ်ကိုယ် နာမည်ခံမထားသူတွေ၊ အဖွဲ့အစည်းတွေ၊ လူစု လူဝေး တွေဟာလည်း ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်လာနိုင် စရာ ရှိပါတယ်။ ခုကိုပဲ ပြဿနာ တစ်ခုနှစ်ခု တွေ့မြင်နေရပါပြီ။ ဒီ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ ဘယ်သူတွေက တာဝန်ယူရမှာလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြ သွားပါ့မယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အင်န်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်မှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲ လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စတင် ဟောပြောချိန် မတိုင်မီ ထောက်ခံသူတွေ စုဝေးရောက်ရှိနေချိန် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးနားက မြင့်မိုရ် တာယာရောင်းဝယ်ရေး ဆိုင်မှာ လူ လေးငါးဆယ်ယောက်လောက်က ဒေါ်အောင်ဆန်းစု ကြည်နဲ့ အင်န်အယ်လ်ဒီ ဆန့်ကျင်ရေး ဆိုင်းဘုတ် တချို့ကိုင်ပြီး ဆန္ဒပြတာ လုပ်ပါတယ်။ ဒီအဖွဲ့ မှာပါတဲ့ သူတချို့ရဲ့ ပြောဆိုမှုအရ တရားဝင်ခွင့်ပြုချက် တောင်းခံပြီးလုပ်တဲ့ ဆန္ဒပြပွဲလို့ ဆိုပါ တယ်။ သူတို့ ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေကို ကြည့်လိုက်ရင်တော့ “ အမျိုးကိုချစ်လျှင် လူလိုသိပါ” ဆိုတဲ့ စာသားမျိုး၊ “ ရိုဟင်ဂျာကို ထောက်ခံတဲ့ NLD ပါတီကို အလိုမရှိ” ဆိုတဲ့ စာသားတွေ ရေးသားထားတာ တွေ့ကြရပါတယ်။

ဒီနေရာမှာ ပေါ်ပေါက်လာတဲ့ မေးခွန်းကတော့ ဆန္ဒပြပွဲကို ခွင့်ပြုခဲ့တယ်ဆိုတဲ့ အာဏာပိုင် တွေဟာ အဲဒီ လက်ကိုင်ပိုစတာပါ စာသားတွေကို ခွင့်ပြုခဲ့သလား ဆိုတာပါ။ နိုင်ငံရေးပါတီကြီး တစ်ခုက လုပ်မယ့် ဟောပြောပွဲနဲ့ ဒီလောက် နီးကပ်တဲ့နေရာမှာ ခုလို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲမျိုး ပြုလုပ်ခွင့် ပြုသလား ဆိုတာပါ။ တကယ်လို့ အဲလိုခွင့်မပြုထားဘဲ လုပ်ခဲ့တယ်ဆိုရင် ဥပဒေအရ အရေးယူမှု လုပ်မှာလား၊ မလုပ်ဘူးလား ဆိုတာပါ။ ဒါက အာဏာပိုင်တွေရဲ့ ကိစ္စပါ။

နောက်ပြဿနာတစ်ခုက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အမျိုး သားတိုးတက်ရေးပါတီ တံဆိပ်ပါ အင်္ကျီကို ဝတ်ထားသူတစ်ယောက် ဘာသာခြားတစ်ယောက်ကို ဆဲရေးတိုင်းထွာ ခဲ့တယ်ဆိုတဲ့ ကိစ္စပါ။ အဲဒီလူ ဘယ်သူဆိုတာကို မသိကြဘူးလို့ ဆိုပါတယ်။ အမျိုး သားတိုးတက်ရေး ပါတီကတော့ သူတို့ပါတီ တံဆိပ်ပါအင်္ကျီအထည် ၂၀၀ လောက် အပြင်ဆိုင်မှာ အပ်နှံပြီး လူတစ်စုက ထုတ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။ ပါတီ ပြောခွင့်ရသူ ပြောဆိုချက်အရ ဆိုရင် ဒါဟာ အဖျက်အမှောင့်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်အပြင် တခြား မဖြစ်နိုင်ပါဘူး။

သိပ်မကြာသေးခင် ကာလတုန်းကပဲ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေဟာ “ နိုင်ငံ ရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် ” ဆိုတာကို အားလုံးသဘောတူ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။ အဲဒီ ကျင့်ဝတ်တွေထဲမှာ မဲဆွယ် စည်းရုံးရေးပွဲများမှာ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းရန်ဆိုတဲ့ အချက်တွေ ပါသလို တခြားပါတီ၊ ကိုယ်စားလှယ်လောင်းတွေ ကို မမှန်မကန်ဝေဖန် တိုက်ခိုက်မှုကနေ ရှောင်ရှားရမယ်ဆိုတဲ့ အချက်မျိုးလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ခက်တာက အဲဒီလိုကျင့်ဝတ်မျိုးကို လက်မှတ်ရေးထိုး ထားခဲ့သူတွေဟာ နိုင်ငံရေးပါတီ တွေပဲဖြစ်ပြီး ပါတီက မဟုတ်တဲ့ တခြားအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေတော့ မပါဝင်ပါဘူး။ မေးခွန်း ကတော့ အဲလို ပြင်ပအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ လူအုပ်စုတွေက ဒီလို ကျင့်ဝတ် ချိုးဖေါက် တာမျိုးတွေ လုပ်လာတာကို ဘယ်သူက ဘယ်လို တားဆီးကာကွယ်မလဲ ဆိုတာပါပဲ။

တကယ်တော့ ဒီလိုပြဿနာမျိုးတွေနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိသူတွေဟာ အစိုးရ အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်နဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ်တာမျိုး ကိုခွင့်ပြုလို့ ရပေမယ့် မတည်ငြိမ်မှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေ နိုင်တဲ့ လှုံ့ဆော်မှုတွေ၊ မဟုတ်မမှန် စွပ်စွဲဝေဖန် တိုက်ခိုက်မှုတွေကို ခွင့်မပြုဖို့ လိုပါတယ်။

အခု နေပြည်တော်ကောင်စီနယ်မြေမှာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ခဲ့တယ်ဆိုတဲ့ ဆန္ဒထုတ် ဖော်မှုဟာ အဲဒီအချက်တွေကို ချိုးဖောက်ရာ ရောက်စေပါတယ်။ စည်းရုံးဟောပြောပွဲလုပ်တဲ့ တစ်ဘက် အဖွဲ့အစည်းကို စိတ်ဆိုးဒေါသထွက်စေပြီး အပြန်အလှန် ပြောဆိုကြရင် ပဋိပက္ခတွေ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာစေနိုင်ပါတယ်။ ဒီအတွက် လာမယ့်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလနိုင်ငံရေး ပါတီမဟုတ်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ လူအုပ်စုတွေရဲ့ အကြမ်းဖက် မှုကို လှုံ့ဆော်ရာကျတဲ့ လှုပ်ရှားမှုတွေကို ထိန်းသိမ်းကွပ်ကွဲရမှာဟာ အစိုးရအာဏာပိုင် အဖွဲ့အ စည်း အဆင့်ဆင့်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ တာဝန်သာဖြစ်ပါကြောင်း၊ ဒီတာဝန်ကို ကောင်းကောင်း မထမ်းဆောင်ဘူးဆိုရင် မတည်ငြိမ်မှု၊ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာ နိုင်စရာ ရှိပါကြောင်း သုံးသပ် တင်ပြလိုက် ရပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags