တဖြည်းဖြည်း နီးကပ်လာနေသော ရွေးကောက်ပွဲနှင့် ပြည်သူတို့၏ တာဝန်

တဖြည်းဖြည်း နီးကပ်လာနေသော ရွေးကောက်ပွဲနှင့် ပြည်သူတို့၏ တာဝန်

မိမိတို့နိုင်ငံတွင် မကြာမီ ရက်ပေါင်းခြောက်ဆယ်ကျော်အတွင်း အထွေထွေရွေးကောက်ပွဲကြီး ပြုလုပ်တော့မည် ဖြစ်သည်ကို အားလုံးအသိပင် ဖြစ်သည်။ ရွေးကောက်ပွဲ၏ အရေးပါ အရာရောက်မှုသည် မိမိတို့ပြည်သူများအဖို့ တင်စားပြီးပြောရလျှင် သေရေးရှင်ရေးတမျှ အရေးကြီးသည်မှာလည်း အမှန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ ပြည်သူများ၏ ဘဝကို ဦးစီးဦးဆောင်ပြုလျက် ဖန်တီး စီစဉ်ပေးမည့် အစိုးရသစ်တစ်ရပ်ကို ရွေးချယ်တင်မြှောက်ကြရမည် ဖြစ်သောကြောင့် ဖြစ်သည်။

ရွေးချယ်မှုမှန်လျှင် မိမိတို့ဘဝ ဖွံ့ဖြိုးတိုးတက်မည့်အပြင် လွတ်လပ်ငြိမ်းချမ်းမည်လည်း ဖြစ်သည်။ ရွေးချယ်မှုမှားလျှင်မူ မိမိတို့ဘဝ သည့်ထက် အခြေအနေများ ပိုမိုဆိုးရွားစေကာ လွတ်လပ်ငြိမ်းချမ်းမှုများ လည်း ဆက်လက် ဆုံးရှုံးနေကြရဦးမည်သာ ဖြစ်သည်။ ထို့ကြောင့် မည်သူ့ကို ရွေးချယ်ရမည်၊ မည်သည့်နိုင်ငံရေး အဖွဲ့အစည်းကို မဲပေးရမည်ကို မိမိတို့ပြည်သူများ အထူးအလေးအနက်ထား စဉ်းစား ထားကြဖို့ိ လိုပါသည်။

ကောင်းပါပြီ။ မိမိတို့သည် မိမိတို့၏ဘဝကို ဦးစီးကြမည့် ခေါင်းဆောင်များ အစိုးရအဖွဲ့ကို မှန်ကန်စွာ ရွေးချယ်နိုင်ကြသည် ဆိုသော်ငြားလည်း လာမည့်ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်မှန်ကန် သည့် ရွေးကောက်ပွဲဖြစ်ရန်ကလည်း အရေးကြီးပြန်ပါသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးဆိုသည်မှာ ရွေးကောက်ပွဲကော် မရှင်အပေါ်၊ လက်ရှိ အာဏာရအစိုးရအပေါ် အစရှိသဖြင့် လက်ရှိစီမံခန့်ခွဲရေးနှင့် အာဏာပိုင်များအ ပေါ် မူတည်နေသည်ဆိုသော်ငြား မိမိတို့ ပြည်သူများကလည်း တဖက်တလမ်းမှ တာဝန်ရှိနေ ပြန်ပါ သည်။ မိမိတို့သည် စစ်မှန်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကြီး ဖြစ်လာစေရေး ဝိုင်းဝန်းစောင့် ကြည့်ခြင်း တွန်းအားပေးခြင်းများ အမြဲမပြတ် သတိနှင့်လုပ်ဆောင်နေကြရမည် ဖြစ်သည်။

မိမိတို့ပြည်သူများသည် မိမိတို့ တစ်ဦးချင်းစီ မဲပေးခွင့်ရရှိရေး၊ မဲစာရင်းစိစစ်ရေး၊ ရွေးကောက်ပွဲ မကျင်းပမီနှင့် ကျင်းပနေစဉ်ကာလအတွင်း ဥပဒေနှင့် မကိုက်ညီသော မဲဆွယ်စည်းရုံးခြင်း လုပ်ငန်း များက အစမိမိတို့ပြည်သူများ တခဲနက် မဲပေးနိုင်ရေး နိုင်ငံသားတစ်ဦး၏ ဆောင်ရန်ရှောင်ရန် ကိစ္စများကို သတိကြီးစွာထားဆောင်ရွက်ကြရမည် ဖြစ်သည်။ ဥပဒေနှင့် မညီသည်များကိုထောက်ပြကန့် ကွက်ခြင်းနှင့် မိမိတို့ အခွင့်အရေးများ မဆုံးရှုံးရလေအောင်လည်း လုံ့လထား လုပ်ဆောင်ကြရမည်သာ ဖြစ်သည်။

သာမန်အားဖြင့်ဆိုလျှင် ရွေးကောက်ပွဲတစ်ခု ကျင်းပရန်ရှိသည့် သည်လိုအချိန်မျိုးတွင် တိုင်းပြည်သည် တည်ငြိမ်အေးချမ်းနေဖို့ရန် ရှိပါသည်။ သို့သော် ပြည်တွင်းစစ် ရပ်စဲရေးကိစ္စများ အပြီးအပြတ် မအောင်မြင်သေးခြင်း၊ ရေဘေးကြီး ကျရောက်လျက်ရှိနေခြင်းနှင့် တိုင်းပြည်တာဝန်ရှိ သူများ အချင်းချင်း မသင့်မမြတ်ဖြစ်မှုများကြောင့် ရွေးကောက်ပွဲကြီး တရားမျှတမှုနှင့် လွတ်လပ်မှုကို ထိပါးစေနိုင်သည့် အခြေအနေများက ရှိနေနိုင်ပြန်ပါသည်။ ထို့ကြောင့် မိမိတို့ပြည်သူများသည် ယင်း ပကတိ အခြေအနေများကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ နေကြရမည်သာ ဖြစ်သည်။

ထို့ကြောင့် မိမိတို့ပြည်သူများသည် မကြာမီ ကြုံကြရတော့မည့် ရွေးကောက်ပွဲကြီးအတွက် နိုင်ငံသားကောင်းပီသစွာ အခြေအနေအရပ်ရပ်ကို သေချာဂနစွာ လေ့လာစောင့်ကြည့်ပြီး အဆင်သင့်ပြင်ဆင် ထားကြရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags