သင်က O သွေးပိုင်ရှင်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

သင်က O သွေးပိုင်ရှင်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

လူတစ်ဦးနဲ့တစ်ဦး သွေးအမျိုးအစားမတူနိုင်ပါဘူး။ သွေးအမျိုးအစားမတူတာကြောင့် ဘာမှကြီးကြီးမားမားကွာခြားသွားတာရှိမှာ ဟုတ်ဘူးလို့ ယူဆခဲ့ကြမယ်ထင်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး သွေးအမျိုးအစားက ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုရှိသလို ထိခိုက်မှုတွေဖြစ်တဲ့အခါ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အခြေအနေတွေအပေါ်မှာလည်း သက်ရောက်နေပါတယ်။
ဘယ်သွေးအမျိုးအစားပိုင်ရှင်တွေက အန္တရာယ်အများဆုံးဖြစ်မလဲ

သွေးအမျိုးအစားတွေကို A၊ B၊ AB နဲ့ O ဆိုပြီးအမျိုးမျိုးရှိနေကြပါတယ်။ ဒီကြားထဲကမှာ Positive နဲ့ Negative ဆိုပြီးကွဲပါသေးတယ်။ ဒီသွေးအမျိုးအစားတွေက မွေးဖွားလာမယ့် သားသမီးလေးတွေရဲ့ သွေးအမျိုးအစားပေါ်မှာလွှမ်းမိုးမှုရှိနေသလို ကိုယ်တိုင်အပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။

တကယ်လို့ သင်က O သွေးပိုင်ရှင်ဆိုရင်တော့ မတော်တဆထိခိုက်မှုတစ်ခုခုဖြစ်တဲ့အခါ အခြားသွေးအမျိုးအစားပိုင်ရှင်တွေထက်ပိုပြီး စိုးရိမ်စရာရှိနေပါတယ်တဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် လေ့လာမှုအသစ်တစ်ရပ်အရ  မတေ်ာတဆထိခိုက်မှုတစ်ခုခုနဲ့ကြံု တဲ့အခါ O သွေးပိုင်ရှင်တွေရဲ့ သွေးထွက်နှုန်းက အခြားသူတွေထက်ပိုများတာကြောင့် သွေးထွက်လွန်ပြီး သေဆုံးနိုင်ခြေက အခြားသွေးအမျိုးအစား ပိုင်ရှင်တွေထက် များနေတာကြောင့်ပါ၊ လို့တွေ့ရှိခဲ့ရပါတယ်။

ဂျပန်နိုင်ငံက သုတေသီ ဒေါက်တာ  Wataru Takayama ဦးဆောင်ပြုလုပ်ခဲ့တဲ့ သုတေသနလုပ်ဆောင်ချက်တွေအရ O သွေးအမျိုးအစားပိုင်ရှင်တွေမှာ သွေးတိတ်မှုဖြစ်စဉ်က အခြားသွေးအမျိုးအစားတွေထက် လုပ်ဆောင်မှုနှေးတယ်လို့တွေ့ရှိခဲ့ရပါတယ်။ ပြင်းထန်တဲ့ မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါ လူသေဆုံးရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုက သွေးထွက်လွန်တာကြောင့်လည်း ဖြစ်ပါတယ်။

ရာခိုင်နှုန်းအနေနဲ့ တိတိကျကျပြောရမယ်ဆိုရင်တော့ ပြင်းထန်တဲ့မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါ သွေးထွက်လွန်ပြီး သေဆုံးနိုင်ခြေက အခြား သွေးအမျိုးအစားပိုင်ရှင်တွေမှာ ၁၁ ရာခိုင်နှုန်းလောက်ပဲရှိပေမယ့် O သွေးအမျိုးအစား ပိုင်ရှင်တွေမှာတော့ ၂၈ ရာခိုင်နှုန်းအထိရှိနေတယ်၊လို့ဆိုပါတယ်။

O သွေးအမျိုးအစားပိုင်ရှင်တွေရဲ့ သွေးထဲမှာ ပါဝင်နေတဲ့ သွေးခဲစေတဲ့ဓာတ်တွေက အခြားသွေးအမျိုးအစားတွေမှာထက် ပိုနည်းနေတာကြောင့် ကြီးကြီးမားမားထိခိုက်မှုတွေဖြစ်သွားတဲ့အခါ အခြားသွေးအမျိုးအစားပိုင်ရှင်တွေထက် သွေးထွက်အရမ်းများတာပဲဖြစ်ပါတယ်။ ဒါကြောင့် သွေးအမျိုးအစားက မတော်တဆထိခိုက်မှုဖြစ်တဲ့ အခါ သွေးထွက်မှုပမာဏအပေါ် သက်ရောက်မှုရှိသလို အသက်အန္တရာယ်ထိခိုက်နိုင်ခြေပေါ်မှာလည်း သက်ရောက်မှုရှိတာဖြစ်ပါတယ်။

လေ့လာမှုတွေလုပ်ပြီးတဲ့နောက်မှာ သိရှိခဲ့ရတဲ့ နောက်တစ်ချက်က O သွေးအမျိုးအစားပိုင်ရှင်တွေမှာ သွေးတွင်း Plasma အရေအတွက်က အခြားသွေးအမျိုးအစားတွေထက် ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ပိုနည်းနေတယ်လို့ သိရှိခဲ့ရပါတယ်။ ဒီအခြေအနေကလည်း O သွေးပိုင်ရှင်တွေကို  မတေ်ာတဆထိခိုက်မှုကြီးကြီးမားမားဖြစ်တဲ့အခါ သွေးထွက်များစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

သွေးအမျိုးအစားက ဒီအချက်တစ်ခုအပေါ်မှာတင် သက်ရောက်မှုရှိနေတာမဟုတ်ပါဘူး။ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာလိုမျိုး ဝေဒနာတွေနဲ့ အခြားကျန်းမာရေးအန္တရာယ်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် သွေးအမျိုးအစားမတူညီမှုက ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေလည်း ကွာခြားနေနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly