ပြည်လမ်း ၆ မိုင်ခွဲ Market Place ပေါက်ကွဲမှုမှာ gas ပိုက်လိုင်းပေါက်ကွဲခြင်းဟု ရဲတပ်ဖွဲ့ထုတ်ပြန်

ပြည်လမ်း ၆ မိုင်ခွဲ Market Place ပေါက်ကွဲမှုမှာ gas ပိုက်လိုင်းပေါက်ကွဲခြင်းဟု ရဲတပ်ဖွဲ့ထုတ်ပြန်

ရန်ကုန် ၊ ဇွန် ၃ ။          ။ ပြည်လမ်း ၆ မိုင်ခွဲရှိ Market Place စျေးဝယ်စင်တာ ပေါက်ကွဲမှုသည် Gas ပိုက်လိုင်းယိုစိမ်နေမှုအား မီးကူးစက်ပြီး ပေါက်ကွဲခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂ ရက်နေ့ ည ကိုးနာရီခွဲခန့်အချိန်တွင် Market Place စျေးဝယ်စင်တာ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာတွင် ပေါက်ကွဲရာနေရာ၌ အခန်းမျက်နှာကျက်များ ကွာကျပြီး နံရံတွင်ကာရံထားသည့် မှန်ကွဲစများ လွှင့်စင်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ Market Place စျေးဝယ်စင်တာအတွင်းရှိ ဆိုင်ခန်းတစ်ခုကို ပြန်လည်ပြင်ဆင်ရန် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများက ဖုန်းအားသွင်းရာတွင် မီးကြိုးခွေမှတစ်ဆင့် ဝါယာရှော့ဖြစ်ခဲ့ကြောင်း ၊ ယင်းဝါယာရှော့မှတစ်ဆင့် မီးပွားများထွက်ရှိခဲ့ရာ အဆောက်အအုံမျက်နှာကျက်ရှိ စားသောက်ဆိုင်တန်းများသို့ ပို့လွှတ်သွယ်တန်းထားသည့် Gas ပိုက်လိုင်းမှ Gas ယိုစိမ့်နေမှုကြောင့် မီးလောင်ပေါက်ကွဲခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အခင်းဖြစ်ပွားရာနေရာကို ကျွမ်းကျင်သူများစစ်ဆေးရာတွင် ပေါက်ကွဲစေတတ်သောပစ္စည်းများမတွေ့ရှိရသည့်အပြင် ယမ်းန့ံများလည်း ရရှိခြင်းမရှိကြောင်း ၊ အခင်းဖြစ်ပွားရာ အဆောက်အအုံအတွင်းရှိ မျက်နှာကျက်များတွင် သွယ်တန်းထားသော Gas ပိုက်လိုင်းများရှိသော်လည်း မြေအောက်ထပ်ရှိ Gas အိုးများထားသိုရာ အဓိကနေရာကို အချိန်မီပိတ်နိုင်ခဲ့ခြင်းကြောင့် ပျက်စီးမှုနည်းပါးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပေါက်ကွဲမှုဖြစ်ပွားရာတွင် အဆိုပါ ဆိုင်းအတွင်းအလုပ်လုပ်ကိုင်နေသည့် လူ(၈) ဦး၏ ခန္ဓာကိုယ်တွင် မီးအပူလောင် ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့်  ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်ချက်များအရ လှိုင်မြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly