YBS အပါအဝင် ရန်ကုန်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဥပဒေရေးဆွဲသွားမည်

YBS အပါအဝင် ရန်ကုန်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဥပဒေရေးဆွဲသွားမည်

ရန်ကုန်၊ ဇွန် ၁ ။           ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြစ်သည့် YBS အပြင် Water Bus နှင့် Taxi များအတွက်ပါ ဥပဒေရေးဆွဲသွားမည်ဟု  ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဇွန်လ ၁ ရက်နေ့ ၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ၃၈ ရက်မြောက် နေ့ တွင် တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်၏ အမေးကို ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

YBS စနစ်တွင် ဥပဒေတစ်ခုရေးဆွဲ၍ စနစ်တကျဆောင်ရွက်ပေးရန် ရှိ/မရှိ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) နှင့်ပတ်သက်၍ ဥပဒေတစ်ခု ရေးဆွဲပြီး ဆောင်ရွက်ခြင်းဖြင့် YBS၊ Water Bus၊ Taxi များကို စနစ်တကျထိမ်းသိမ်းဆောင်ရွက်ခြင်း ရှိ/မရှိ တို့ကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က မေးမြန်းခဲ့သည်။

"YRTA နဲ့စပ်လျဉ်းပြီးတော့ ဥပဒေရေးဆွဲဆောင်ရွက်တဲ့အခါမှာ လိုအပ်ချက်အရတခြား YBS နဲ့ လုပ်ငန်းများ အတွက်ဥပဒေရေးသားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ထိုသို့ ဥပဒေကိုစီစဉ်ဆောင်ရွက်နေစဉ်ကာလမှာ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောကြားသွားတဲ့ Water Bus နဲ့ တက္ကစီကဲ့သို့သော အသွင်သဏ္ဍာန် မတူညီတဲ့ လုပ်ငန်းများကိုလည်း အမိန့်ညွှန်ကြားချက်တွေ လိုအပ်တဲ့ဥပဒေ နည်းဥပဒေတွေကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖြေဆိုခဲ့သည်။

လက်ရှိအချိန်တွင် တပ်မတော်အစိုးရလက်ထက်မှ အမိန့်ညွှန်ကြားချက်ဖြစ်သည့် အများပြည်သူနှင့် သက်ဆိုင် သော ယာဉ်လုပ်ငန်းများကို ယာဉ်စည်းကမ်းထိမ်းသိမ်းရေး ၁၃၈ ချက်၊ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ၊ ကုန်းလမ်းပိုဆောင်ရေးဥပဒေ၊ ရေကြောင်းပို့ဆောင်ရေးဥပဒေနှင့် သက်ဆိုင်ရာဌာနအလိုက်ဥပဒေများဖြင့် ဆောင်ရွက်ကြပ်မတ်နေသည်ဟု ၄င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွင် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်အပါအဝင် မြို့တော်ဝန်၊ ရန်ကုန်တိုင်းဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ ရဲမှူးချုပ်၊ ဥပဒေချုပ်များအပြင် လုပ်ငန်းအထောက်အကူပြုနိုင်မည့်သူများအားလုံး ပါ၀င်ဖွဲ့စည်းထားသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေကို ပြဌာန်းခဲ့သည်။ ၄င်းဥပဒေတွင် မော်တော်ယာဉ်အသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ အသင်းအဖွဲ့များကို ကြီးကြပ် ကွပ်ကဲရေးအတွက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကိုတာဝန်ပေးအပ်ခြင်းတို့ ပါ၀င်နေသည်ဟု ဒေါ်နီလာကျော်က ပြောသည်။

ထို့အပြင် ဥပဒေ၏ အခန်း (၂)၊ အပိုဒ် (၃) (ယ) တွင် ပုဂ္ဂလိကမော်တော်ယာဉ်များကို တစ်ဦးချင်းပိုင်စနစ်မှ ခေတ်စနစ်နှင့်အညီ ပုဂ္ဂလိကကုမ္ပဏီ၊ အများပိုင်ကုမ္ပဏီများအဖြစ် ပြောင်းလဲပေးရန်ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly