ကချင်စစ်ရှောင်များအတွက် တရုတ်မှ ငွေကျပ် သိန်း ၄၀၀ လှူဒါန်း

ကချင်စစ်ရှောင်များအတွက် တရုတ်မှ ငွေကျပ် သိန်း ၄၀၀ လှူဒါန်း

ရန်ကုန်၊ ဇွန် ၁ ။                       ။ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့၏တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် တရုတ်အစိုးရမှ ငွေကျပ် သိန်း ၄၀၀ ကို လှူဒါန်းခဲ့သည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (NRPC) တွင် ဇွန်လ ၁ ရက်နေ့က လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ ဒီကနေ့ ကျွန်တော်တို့ကို လှူဒါန်းတဲ့ငွေကြေးဟာဆိုရင် ကျွန်တော်တို့နိုင်ငံမှာ မြောက်ပိုင်းမှာ တကယ် လိုအပ်နေတဲ့ နေရပ်စွန့်ခွာ ဒုက္ခသည်များအတွက် စား၊ ၀တ်၊ နေ၊ ရေး အတွက် လှူဒါန်းတာဖြစ်တဲ့အတွက် တကယ်လိုအပ်တဲ့သူတွေကို လိုအပ်တဲ့အချိန်မှာ လှူဒါန်းတာဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ကျေးဇူးတင်စကားပြောဆိုခဲ့သည်။

ဧပြီလ ၁၁ ရက်နေခန့်ကတည်းက ဖြစ်ပွားနေသော တပ်မတော်နှင့် KIA တို့၏ စစ်ပွဲများကြောင့် ထွက်ပြေးနေရ သူ ၆၀၀၀ ခန့်ရှိနေပြီလည်းဖြစ်သည်။

ထို့ကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှနေ၍ စစ်ဘေးရှောင်များအတွက် ငွေကျပ်သိန်း ၂၀၀၀ ခန့် အသုံးပြုထားသော်လည်း စစ်ဘေးရှောင်စခန်းများတွင် စား၊ ၀တ်၊ နေ၊ ရေး အတွက် အခက်အခဲများ ရှိနေဆဲလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly