နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

နေကြာစေ့ဆိုတာနဲ့ နေကြာပန်းကနေ ရတဲ့ အစေ့သေးသေးလေးတွေကို မြင်ယောင်မိကြမှာပါ။ နေကြာစေ့ကို ရုပ်ရှင်ရုံထဲမှာလည်း တော်တော်များများ စားကြပြီး ဆားအငန်ပါတာနဲ့ မပါတာနဲ့ဆိုပြီးတော့လည်း ရှိပါသေးတယ်။ ဆားအငံပါတာနဲ့ မပါတာက အရမ်းတော့ မကွာပါဘူး။ သွေးတိုးရှိတဲ့သူတွေကတော့ ဆားအငန်ပါတာကို ရှောင်စားကြပါတယ်။

နေကြာစေ့သေးသေးလေးတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ရင်းမြစ်ဆိုရင် အ့ံသြသွားလောက်ပါတယ်။ နေကြာစေ့မှာ ကောင်းမွန်တဲ့အဆီနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုတဲ့ phytosterols တွေ ပါဝင်ပါတယ်။ ဒီအဆီဓါတ်တွေဟာ သွေးတွင်းမှာ ကိုလက်စထရော လျှော့နည်းအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းထားချင်တယ်ဆိုရင်တော့ နေကြာစေ့လေး စားပေးဖို့ လိုပါတယ်။

နေကြာစေ့ စားတဲ့အခါမှာ ခွာရတဲ့အရသာ၊ အစေ့လေးတွေခက်ခက်ခဲခဲ ထုတ်ရပြီး စားရတဲ့ ခံစားချက်ကို တော်တော်လေး နှစ်သက်တဲ့သူတွေ ရှိပါတယ်။ နေကြာစေ့ကို ခံစားချက်ကောင်းမွန်ဖို့ စားတဲ့သူတွေလည်း ရှိပါတယ်။ နေကြာစေ့မှာ စိတ်ခံစားချက် ကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အများကြီး ပါဝင်ပါတယ်။ နေကြာစေ့မှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ် ပါဝင်ပါတယ်။ အမိုင်နိုအက်ဆစ်က ခန္ဓာကိုယ်ထဲ သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေတာကြောင့်ပါ။

လေ့လာသူူတွေကတော့ နေကြာစေ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အမျိုးသမီးတွေ ဓမ္မတာ လာတဲ့အခါမှာ စိတ်တိုလွယ်ခြင်း၊ စိတ်ဆတ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် ကူညီပေးတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် နေကြာစေ့မှာ ကာဗိုလ်ဟိုက်ဒရိတ် ပါဝင်တာကြောင့် ဦးနှောက်စုပ်ယူနိုင်မှု စွမ်းအင်ကို ပိုအားကောင်းစေပါတယ်။ ဘာလို့လဲဆိုတော့ ဦးနှောက်ဆီကို သတင်းအချက်အလက် ပေးပို့မှု မြန်ဆန်စေတာကြောင့်ပါ။

နေကြာစေ့မှာ ပါဝင်တဲ့ ဇင့်ဓါတ်ကလည်း အမျိုးသားတို့အတွက် မျိုးအောင်ဖို့ အထောက်အကူ ပြုပါတယ်။ လေ့လာချက်တွေအရ ဇင့်ဓါတ်ဟာ သုတ်ပိုးအရေအတွက်၊ အရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေကို မြင့်တက်စေပါတယ်။ နေကြာစေ့ (၁၀၀) ဂရမ်မှာ ဇင့်ဓါတ် (၅) မီလီဂရမ် ပါဝင်တာကြောင့် ဇင့်ဓါတ်အများဆုံး ပါဝင်တဲ့ အစားအစာဆိုရင်လည်း မမှားပါဘူး။

နေကြာစေ့မှာ စိတ်ဖိစီးမှုတွေကို လျှော့ကျစေမယ့် အာဟာရဓါတ်တွေအပြင် အိပ်ပျော်စေမယ့် သတ္တုဓါတ်တွေလည်း ပါဝင်ပါတယ်။ နေကြာစေ့မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အိပ်ပျော်စေဖို့ အပြည့်အဝ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်မပျော်တာတွေ ဖြစ်တယ်ဆိုရင် အိပ်ခါနီးမှာ နေကြာစေ့နည်းနည်းလောက် စားပြီးမှ အိပ်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပါ။

နေကြာစေ့သေးသေးလေးတွေရဲ့ စွမ်းအင်တွေကို သိထားပြီးပြီဆိုတော့ အပျင်းပြေလေးလောက်တော့ စားပေးနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly