ရီးယဲလ်နည်းပြအဖြစ်မှ နုတ်ထွက်တာက စီရော်နယ်ဒိုနဲ့ မဆိုင်ဘူးလို့ ဇီဒန်းဆို

ရီးယဲလ်နည်းပြအဖြစ်မှ နုတ်ထွက်တာက စီရော်နယ်ဒိုနဲ့ မဆိုင်ဘူးလို့ ဇီဒန်းဆို

ဇွန် ၁၊ မက်ဒရစ်။          ။ ရီးယဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလားသုံးနှစ်ဆက်တိုက်ရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြဇီဒန်းက သူနုတ်ထွက်တာဟာ စီရော်နယ်ဒိုနဲ့ မဆိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့အမှတ်လက္ခဏာတစ်ခုလိုဖြစ်နေတဲ့ စီရော်နယ်ဒိုဟာလည်း အသင်းကနေထွက်ခွာဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုထားသူဖြစ်ပါတယ်။

ဇီဒန်းနုတ်ထွက်ခဲ့တာဟာ အဓိကပြိုင်ဘက်ဘာစီလိုနာအသင်းကို မယှဉ်နိုင်ဘဲ တတိယသာရခဲ့တဲ့ လာလီဂါပြိုင်ပွဲမှာ ခြေစွမ်း မတည်ငြိမ်ခဲ့လို့ဆိုတဲ့ အကြောင်းပြချက်က ပိုပြီးဖြစ်နိုင်တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဇီဒန်းက “ကျွန်တော်တို့ ဒါကိုပြောတယ်။ ဒီနှစ်က လိဂ်မှာ ခြေစွမ်းမတည်ငြိမ်ခဲ့ဘူး။ အဲဒီအခြေအနေတွေကိုလည်း ကျွန်တော် မေ့လို့မရဘူး”လို့ ဇီဒန်းက ပြောဆိုခဲ့တာပါ။

ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဌ ပီရက်ဇ်နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ ရာထူးကနုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ရီးယဲလ် အသင်းတာဝန်ရှိသူတွေဟာ ဂိုးသမားသစ်တစ်ဦးခေါ်ယူရေး၊ စီရော်နယ်ဒိုကိုအသုံးချပြီး နေမာကိုခေါ်ယူရေး၊ ဂါရတ်ဘေးလ်ကို ပိုပြီးပွဲထွက်ခွင့်ပေးနိုင်ရေးတို့ကို အလိုရှိနေတာပါ။

ဒါပေမဲ့ ဇီဒန်းက ဒီအချက်တွေအားလုံးကို သဘောမတူလို့ နုတ်ထွက်သွားတာဖြစ်နိုင်တယ်လို့ ဗြိတိန်မီဒီယာတွေက သုံးသပ် ဖော်ပြနေကြပါတယ်။

ဇီဒန်းကတော့ အသင်းအနေနဲ့ အောင်မြင်မှုကိုဆက်ထိန်းထားဖို့လိုကြောင်း၊ အဲဒီအတွက် အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်ကြောင်း၊ သူ့ရဲ့သုံးနှစ်တာကာလအပြီးမှာ ကွဲပြားတဲ့လုပ်ကိုင်ပုံနည်းလမ်းအသစ်တွေ အသင်းအတွက်လိုအပ်ကြောင်းနဲ့ အသင်းကို သိပ်ချစ်တဲ့အတွက် အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly