နိုင်ငံတော်ပိုင် မြေ၊ အဆောက်အဦ ငှားရမ်းခများ ခေတ်ကာလနှင့်ညီ မညီ မေးခွန်းထုတ်

နိုင်ငံတော်ပိုင် မြေ၊ အဆောက်အဦ ငှားရမ်းခများ ခေတ်ကာလနှင့်ညီ မညီ မေးခွန်းထုတ်
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အား တွေ့ရစဉ်။

ပုသိမ်၊ မေလ ၃၁ ။            ။ နိုင်ငံတော်ပိုင်မြေ ဌာနပိုင်မြေ အဆောက်အဦငှားရမ်းခများအား ခေတ်ကာလနှင့်ကိုက်ညီအောင် မည့်သို့ စီမံ ကြီးကြပ်ဆောင်ရွက်သည်ကို သိရှိလိုကြောင်း ငပုတောမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေ က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မေလ ၃၁ ရက်နေ့က မေးမြန်းခဲ့သည်။

"စျေးနှုန်းတွေက ခါတိုင်းနှစ်ထက်စာရင် အဆတွေတိုးတယ်လိုဖြေထားတာရှိပေမဲ့ ခေတ်ကာလပေါက်စျေးနဲ့ ယှဉ်ရင် နည်းနေတာကို တွေ့ရပါတယ်။  ဥပမာ ပုသိမ်ဟိုတယ်လိုဟာမျိုးဆိုရင် တစ်နှစ်ကို ငှားရမ်းခ သိန်းနှစ်ရာ ပဲ ရှိတယ်။ ကာလပေါက်စျေးနှင့်ယှဉ်ရင် တအားနည်းတယ် ” ဟု မေးခွန်းရှင် ငပုတောမြို့နယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ငှားရမ်းခများနှင့်ပတ်သက်ပြီး ဝေဖန်ပြောဆိုသည်။

စီမံဘဏ္ဍာဝန်ကြီးက နိုင်ငံတော်ပိုင်မြေ၊ ဌာနပိုင်မြေ အဆောက်အဦ ငှားရမ်းခများ ယခင်ထက် အဆတိုး ကောက်ခံထားကြောင်းနှင့် ငှားရမ်းမှုစာချုပ်များ မချုပ်ဆိုမီ သက်ဆိုင်ရာဝန်ကြီးဌာနမှားမှ တဆင့် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြဆောင်ရွက်ရန် ညွန်ကြားထားကြောင်း ဖြေဆိုခဲ့သည်။

“ တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ ဌာနပိုင်မြေနှင့်အဆောက်အဦများ ငှားရမ်းခနှုန်းထားများသည် ကာလပေါက်စျေးနှုန်း မကိုက်ညီသည့်အပြင် ငှားရမ်းထားသူများက ထပ်ဆင့်ငှားရမ်းမှုရှိခြင်းကြောင့်   နိုင်ငံတော်အတွက် ရသင့်ရထိုက်သည် ဝင်ငွေဆုံးရှံုးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသဖြင့် ငှားရမ်းခ ဆောင်ရွက်မှုများကို သက်ဆိုင်ရာ အဖွဲ့အစည်း ဝန်ကြီးဌာန သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ အလိုက် ငှားရမ်းမှုတာဝန်ခံစိစစ်ရေးအဖွဲ့များနှင့် ဒေသအလိုက်ကာလပေါက်စျေးသတ်မှတ်၍ သင့်မြတ်သော နှုန်းထားဖြင့် ဆောင်ရွက်သွားရန်နှင့် ငှားရမ်းမှုစာချုပ်များ မချုပ်ဆိုမီ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြသွားရန် နိုင်ငံတော်သမ္မတရုံးက ၉ ရက်၊ ၁လ ၂၀၁၇ ရက်စွဲပါစာဖြင့် ညွန်ကြားထားပါတယ်” ဟု စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်း က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးဌာနပိုင်မြေနှင့် အဆောက်အဦငှားရမ်းမှုစိစစ်ရေးအဖွဲ့အား ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက လွှတ်တော်တွင် ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါအဖွဲ့တွင် ဧရာဝတီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီးက ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေး ဦးစီးဌာန ညွန်ကြားရေးမှူးက အတွင်းအရေးမှူးအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ပြီး တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဌာန၊ စည်ပင်သာယာရေးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တိုင်းအဆင့်ဦးစီးမှူးများ ပါဝင်သည် ။

ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်ဟိုတယ်၊ပုသိမ်မြို့နယ် ရွှေပြည်တော် ရုပ်ရှင်ရုံ၊ပုသိမ်မြို့နယ် ကန်သာယာ ပန်းခြံမြေနေရာ၊ ပုသိမ်တက္ကသိုလ်ရှိ တက္ကသိုလ်မြေနေရာများ နှင့် ဌာနပိုင်မြေနေရာ အဆောက်အဥများအား ပြင်ပသို့ ငှားရမ်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly