မြန်မာတွင် ပလတ်စတစ်ညစ်ညမ်းမှုလျော့ကျရေး ၀ိုင်းဝန်းကူညီရန် လှုံဆော်

မြန်မာတွင် ပလတ်စတစ်ညစ်ညမ်းမှုလျော့ကျရေး ၀ိုင်းဝန်းကူညီရန် လှုံဆော်

 

ရန်ကုန်၊ မေလ ၃၁ရက် ။                  ။ လာမည့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပလတ်စတစ်လျော့ချနိုင်ရေး၊ အသုံးပြုပြီး ပလတ်စတစ်များ ပြန်လည် အသုံးပြုနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး အများပြည်သူပူးပေါင်းပါ၀င်စေရန် သန့်မြန်မာအဖွဲ့အစည်းမှ မေလ ၃၁ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

ပလတ်စတစ်ညစ်ညမ်းမှုလျော့ချစေရေးအတွက် လူထုအခြေပြုလှုပ်ရှားမှုတစ်ခုဖြစ်သည့် သန့်မြန်မာမှ Union Bar ၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပလတ်စတစ်လျော့ချနိုင်ရန်အတွက် စျေးဝယ်ထွက်ရာတွင် ခြင်းတောင်းများ၊ ပြန်အသုံးပြုနိုင်သည့်အိတ်( Recycle Bag) များ သယ်ဆောင်သွားခြင်း၊ အိတ်တစ်အိတ်ထဲသို့ ဆန့်နိုင်သလောက်ပေါင်းထည့်အသုံးပြုခြင်း၊ ပလတ်စတစ်ဖြင့်ထုတ်ပိုးထားသည့်အသီးအနှံများထက် လတ်ဆတ်သည့်အသီးအရွက်များဝယ်ယူခြင်း၊ အအေး သောက်ရာတွင် ပလတ်စတစ်ပိုက ်အသုံးမပြုခြင်း၊ ပြန်လည်အသုံးပြုနိုင်သည့် ရေသန့်ဗူးအသုံးပြုခြင်း တို့ကို လုပ်ဆောင်နိုင်ရန် ၄င်းအဖွဲ့အစည်းမှ အကြံပေးထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပလတ်စတစ်တွေကို အစားအသောက်အတွက် အများဆုံးထုပ်ပိုးကြပြီး အမှိုက်အဖြစ် အများဆုံး ပြန်လည်တွေ့ရှိနေရသည်ဟု ဆိုသည်။

"ကျွန်မတို့ ပလတ်စတစ်တွေကို နေရာတိုင်းမှာတွေ့နေရပါတယ်။ ပလတ်စတစ်အိတ်တွေ ၊ ပလတ်စတစ်ဗူးတွေ စတိုးဆိုင်တွေ၊  အစားအသောက်ထုတ်ပိုးတဲ့နေရာတွေ ၊ လမ်းတွေပေါ်မှာ မြစ်ထဲမှာ နောက်ပြီး လှပတဲ့နေရာ ဖြစ်တဲ့ ပုဂံလိုနေရာမှာ၊ အင်းလေးလိုနေရာနဲ့ ဘားအံလိုနေရာမျိုးတွေမှာပါ" ဟု Ms.Hanna Helsingen (Green Economy Programme Manager -WWF Myanmar) က ပြောသည်။

"ပလတ်စတစ်ကိစ္စကို ဖြေရှင်းဖို့အတွက် အစိုးရဘက်ခြမ်းနဲ့ ပုဂ္ဂလိကအပိုင်းဆိုပြီးရှိပါတယ်။ ပထမနည်းလမ်းက အရမ်းရိုးရှင်းပါတယ်။ ခင်ဗျားမှာပိုက်ဆံအလုံအလောက်ရှိရင် အမှိုက်ကားတွေနဲ့ ဒီစွန့်ပစ်ပစ္စည်းတွေကို နည်းစနစ်မှန်မှန်နဲ့ သိမ်းဆည်းလို့ရမှာပါ။ နောက်တစ်ဘက်မှာလည်း အစိုးရအနေနဲ့ မူဝါဒချမှတ်ပြီး ကုမ္ပဏီ တွေနဲ့ သုံးစွဲသူတွေကို ပလပ်စတစ်သုံးတာလျော့ချစေနိုင်မယ့် အပိုင်းဖြစ်ပါတယ်" ဟု Mr.Friedor Jeske ( Chu Chu - Lead Designer ) က ပြောသည်။

သန့်မြန်မာသည် မြန်မာနိုင်ငံ၏ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးအတွက် လူထုအလွှာ အသီးသီး ပါ၀င်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လတွင် စတည်ဖွဲ့စည်းခဲပြီး မြန်မာ့ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဌာန (ECD)၊ ဥရောပသမဂ္ဂ၊ ပြင်သစ်သံရုံး၊ ရိုးမဘဏ်နှင့်ရိုးမ မဟာဗျုဟာလုပ်ငန်းစု (Yoma Strategic Holdngs)၊ ရွှေတောင်လုပ်ငန်းစု၊ ကုလသမဂ္ဂပတ်ဝန်းကျင်ထိမ်းသိမ်းရေးအစီစဉ်၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိစေရေးအထောက်အကူပြုဌာန (MCRB)၊ မြန်မာ့တာဝန်သိခရီးသွားလုပ်ငန်း အဖွဲ့ (MRTI) နှင့် ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးရန်ပုံငွေအဖွဲ့(WWF Myanmar) တို့ ပါ၀င်ဆောင်ရွက်နေသည်။

ပလတ်စတစ်များကို ကမ္ဘာပေါ်တွင် ၁၉၅၀ ခုနှစ် ၀န်းကျင်မှ စတင်အသုံးပြုနေပြီး လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ စုစုပေါင်း ပလပ်စတစ်သုံးစွဲမှု၏ ၄၀ ရာခိုင်နူန်းကို အစားအစာထုတ်ပိုးမှုပြုလုပ်ရာတွင် အသုံးပြုနေသည်ဟု သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာနမှ ဖော်ပြထားသည်။

ပလတ်စတစ်အိတ် ဘီလီယံ ၅၀၀ ခန့်ကို နှစ်စဉ်ကမ္ဘာပေါ်တွင်အသုံးပြုနေကာ အများစုမှာ တစ်ခါသုံး ပလတ်စတစ်အိတ်များဖြစ်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly