ကြည်လင်းအမှုတွဲမှ ဇေယျာဖြိုးအား မှားယွင်းစွာ အပြစ်မပေးစေရေးအတွက် ကူညီပေးရန် ဇနီးဖြစ်သူမှ စာတင်

ကြည်လင်းအမှုတွဲမှ ဇေယျာဖြိုးအား မှားယွင်းစွာ အပြစ်မပေးစေရေးအတွက် ကူညီပေးရန် ဇနီးဖြစ်သူမှ စာတင်

 

ရန်ကုန်၊ မေလ ၃၁ ။                   ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် တရားလွှတ်တော်ရှေ့နေဦးကိုနီအမှုနှင့် ပတ်သက်ပြီး   သေနတ်သမားကြည်လင်းအမှုတွဲမှ ဇေယျာဖြိုးအား မှားယွင်းစွာ အပြစ်မပေးစေရေးအတွက် ကူညီပေးရန် ဇေယျာဖြိုး၏ ဇနီးဖြစ်သူ မသီတာလွင်က စာတင်ထားကြောင်း သိရသည်။

ဇေယျာဖြိုး၏ ဇနီးဖြစ်သူ မသီတာလွင်က ကူညီပေးရန်စာကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် သက်ဆိုင်ရာ နေရာ ၈ နေရာသို့ စာတင်ထားကြောင်း သိရသည်။

ယနေ့ မေလ ၃၁ ရက်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် သေနတ်သမားကြည်လင်း အပါအဝင် ၃ ဦးကို ၅၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ဇေယျာဖြိုး၏ ဇနီးဖြစ်သူ မသီတာလွင်က ၎င်းစာတင်ထားသည့် အကြောင်းအရာ ၁၁ ချက်ပါ စာရွက်များကို မီဒီယာများသို့ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

“ မေလ ၁၁ ရက်နေ့၊ ပြီးခဲ့တဲ့ ၁၁ ရက်နေ့က လူ့အခွင့်အရေးကော်မရှင်က အင်းစိန်ထောင်ကို လာစစ်တဲ့ အချိန် မှာ အခြေအမြစ်မရှိတဲ့ ကျွန်တော်ကို စွပ်စွဲချက်တွေနဲ့ စွဲထားတဲ့ ကျွန်တော်အများကြီး နစ်နာခဲ့ရတာတွေကို ကျွန်တော် အမှန်အတိုင်းဖြစ်ဖို့အတွက် လူ့အခွင့်အရေးကော်မရှင်ကိုလည်း တင်ထားတယ်။ အဲ့ဒီအပြင် နိုင်ငံတော်သမ္မတရုံးရော၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးဆီရော သက်ဆိုင်တဲ့ဌာနတွေအားလုံးကို တင်ပြထားပါတယ် ” ဟု သေ ဒဏ်ထိပြစ်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်အတင်ခံထားရသော ဇေယျာဖြိုးက တရားခွင်အထွက်တွင် ပြောသည်။

ကူညီပေးရန် တင်ပြထားသည့် အချက်များထဲတွင် တရားလိုပြသက်သေ ရ၂ ဦးအား စစ်ဆေးချက်အရ ဇေယျာ ဖြိုးက ဦးကြည်လင်းလူသတ်မှုတွင် ငွေကြေးထောက်ပံ့ခဲ့သည်ဟု ထွက်ဆိုမှုများ လုံးဝမရှိခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ ရက်စွဲပါ ရဲတပ်ဖွဲ့ တိုင်ကြားချက်တွင်လည်း ဇေယျာဖြိုးအား ထည့်သွင်းတိုင်ကြား ထားခြင်းမရှိကြောင်း ဖော်ပြပါရှိသည်။

မသီတင်လွင်က ၎င်း၏ ခင်ပွန်း ဇေယျာဖြိုးကို အဆိုပါ အမှုနှင့်ပတ်သက်မှုမရှိဘဲ အခြေအမြစ်မရှိသည့် စွပ်စွဲချက်တစ်ခုဖြင့် အကျဉ်းထောင်အတွင်းမှ အမှုရင်ဆိုင်ခဲ့သည်မှ ၁ နှစ်နှင့် ၃ လကျော်ပြီဖြစ်ကြောင်း၊ စစ်ဆေးခဲ့သည့် ကာလအတွင်း လိုပြသက်သေ ရ၂ ဦး၏ ထွက်ဆိုချက်အရ၊ နေအိမ်နှင့် ကုမ္ပဏီမှ သိမ်းဆည်း သွားသော ပစ္စည်းများ၊ CID ရုံး၏ ထင်မြင်ချက်ပြန်ကြားစာ၊ ဖုန်းခေါ်စာရင်းပြန်ကြားစာများတွင် ယင်းအမှုနှင့် ပတ်သက်သည့် အထောက်အထားများတွေ့ရှိခြင်းမရှိဘဲ သေဒဏ်ထိုက်သည့် ပုဒ်မဖြင့် စွဲချက်တင် ခံနေရ ကြောင်း ကူညီတောင်းခံစာတွင် ရေးသားထားသည်။

ထို့ကြောင့် ယင်းအမှုတွင် ဇေယျာဖြိုးပါဝင်ပတ်သက်ကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာ မရှိသ ဖြင့် မှားယွင်းစွာ အပြစ်ပေးခံရမှု မရှိစေရန်အတွက် အကျဉ်းထောင်တွင်းမှ တရားရင်ဆိုင်နေရသည့် အဖြစ်မှ လွတ်မြောက်နိုင်ရေးအတွက် ကူညီပေးရန် နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာ နေရာ ၈ နေရာသို့ စာ တင်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly