အသတ်ခံရသည်ဆိုသော ရုရှသတင်းထောက် လူလုံးထွက်ပြကာ ရုရှအေဂျင့်များအား ယူကရိန်းက ဖမ်းနိုင်ရန် အကွက်ဆင်ခဲ့ခြင်းဟု ပြော

အသတ်ခံရသည်ဆိုသော ရုရှသတင်းထောက် လူလုံးထွက်ပြကာ ရုရှအေဂျင့်များအား ယူကရိန်းက ဖမ်းနိုင်ရန် အကွက်ဆင်ခဲ့ခြင်းဟု ပြော

ကိဗ်၊ မေ ၃၁ ။               ။ ယူကရိန်းနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ရုရှသတင်းထောက်တစ်ဦးသည် မေ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ လူလုံးထွက်ပြကာ ရုရှအေဂျင့်များကို ယူကရိန်းထောက်လှမ်းရေးက ဖမ်းဆီးရမိနိုင်ရေးအတွက် သေဆုံးပြီဟု ဟန်ဆောင်အကွက်ဆင်ကာ ယူကရိန်းအား ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ရုရှအစိုးရအား ဆန့်ကျင်ဝေဖန်သည့် သတင်းထောက် အက်ကာဒီဘတ်ချန်ကိုသည် သတင်းစာရှင်းလင်းပွဲ၌ ယခင်ရက်များအတွင်း ၎င်းလုပ်ကြံခံရကာ သေဆုံးကြောင်း သတင်းလွှင့်ခဲ့သည်များအတွက် ကျေးဇူးတင်ပြီး အထူးသဖြင့် ၎င်း၏ ဇနီးကို တောင်းပန်ကြောင်း အဖြစ်မှန် ပြောဆိုချိန်တွင် ရောက်ရှိနေသည့် သတင်းသမား ဂျာနယ်လစ်များ၏ သက်ပြင််းချသံကိုပင် ကြားနိုင်လောက်သည်။

“ကျွန်တော် အသက်ရှင်နေဆဲပါ။ သူတို့(ရုရှအစိုးရ)အတွက်တော့ စိတ်ပျက်စရာပေါ့။”ဟု ကမ္ဘာနဲ့အဝန်းက မီဒီယာနှင့် နိုင်ငံရေးလောကကို ကုလားဖန်ထိုးကာ လှည့်ဖျားကာ ဇာတ်လမ်းဆင်ထားခြင်းကို အဟုတ်မှတ်ကာ သတင်းလိုက်ရေးသားခဲ့သည့် ဂျာနယ်လစ်များကို ၎င်းက ပြောနေခြင်း ဖြစ်သည်။

ရုရှအား ဆန့်ကျင်သည့် သတင်းထောက် ဘတ်ချန်ကို၏ စွမ်းဆောင်ချက်ကြောင့် လုပ်ကြံရန်အစီအစဉ်ရှိသည်ဟု ယူဆရသူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ယခုသတင်းစာရှင်းလင်းပွဲကို ဦးဆောင်ကြီးမှူးသည့် ယူကရိန်း လျှို့ဝှက်ထောက်လှမ်းရေး အကြီးအကဲ ဗာစေးလီဂရစ်ဆတ်က အတည်ပြု ပြောသည်။

ယခုကဲ့သို့ ယူကရိန်းနိုင်ငံအတွင်း ကရင်မလင်အား ဆန့်ကျင့်သည့် ရုရှသတင်းထောက် လုပ်ကြံခံရသည်ဆိုသော သတင်းတု ဖြန့်ခြင်းအတွက် ယူကရိန်းအာဏာပိုင်များကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိနေသည်။

ဥရောပရှိ လုံခြံုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE မှ တာဝန်ရှိသူတစ်ဦးက ယူကရိန်းက အတုအယောင်သတင်း ဖြန့်ခြင်းပဲဟု အပြစ်ဆိုသည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကလည်း ယခုအရေးအခင်းကိစ္စရပ်အပေါ် “သတင်းစစ်ပွဲတစ်ရပ်၏ တစ်စိတ်တစ်ပိုင်း” အဖြစ် ပြောဆိုသည်။

ယူကရိန်းကမူ ဘတ်ချန်ကိုအား ရုရှမှ လာရောက် လုပ်ကြံခြင်းကို ကာကွယ်လိုက်ခြင်းဟု ပြောဆိုပြီး ရုရှနိုင်ငံဖက်ကမူ ရန်စသည့် လုပ်ရပ်အဖြစ် ပြောဆိုထားသည်။

သေဟန်ဆောင်သည့် သတင်းထောက် ဘတ်ချန်ကိုကမူ “ကျွန်တော်က အသက် ၉၆ နှစ်မှ သေမှာ။ ပူတင်ရဲ့ အုတ်ဂူပေါ် ကပြီးမှ သေမှာပါ။”ဟု တွစ်တာပေါ် တက်ရေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly