မိုးဦးနောက်ကျသဖြင့် ကွမ်းတောင်သူများ ကွမ်းစိုက်ပျိုးရာတွင် နောက်ကျ

မိုးဦးနောက်ကျသဖြင့် ကွမ်းတောင်သူများ ကွမ်းစိုက်ပျိုးရာတွင် နောက်ကျ

သထုံ၊  မေ၊  ၃၁။             ။ မိုးဦးအဝင်နောက်ကျသဖြင့် မွန်ပြည်နယ် သထုံမြို့နယ်မြောက်ဖက်ခြမ်းရှိ ကွမ်းစိုက်တောင်သူများ ကွမ်းစိုက်ပျိုးရာတွင် ယမန်နှစ်များထက် နောက်ကျကြောင်း ကွမ်းတောင်သူများထံမှ သိရသည်။

"ကျွန်တော် ကွမ်းလုပ်ငန်း လုပ်ကိုင်လာတာတော့ ၁၅ နှစ်ရှိပြီ။ မနှစ်ကဆို ကျွန်တော် မေလ ၁၇၊ ၁၈ လောက်မှာ စိုက်တယ်။ ဒီနေ့က မိုးနောက်ကျတော့ ကျွန်တော်လည်း ကွမ်းစိုက်တာ နောက်ကျသွားတယ်ပေါ့။ ရာသီဥတု နည်းနည်းဖောက်ပြန်တယ်လို့ ပြောရမယ်"ဟု ဇရစ်ချောင်ကျေးရွာအုပ်စု ထီဝိုင်ရွာနေ ဦးစောကျော်လင်းက ပြောသည်။

ကွမ်းပင်ကို မိုးမှန်မှ စိုက်ပျိုးရပြီး မိုးမမှန်ပါက အပင်နွမ်းပြီးသေတတ်ကာ မိုးမမှန်စိုက်ခင်းက အရွက်အဖျားများ ခြောက်သွေ့သွားတတ်ကြောင်း သိရသည်။ မိုးစောင့် အစိုက်နောက်ကျပါက စျေးကောင်းမမီဖြစ်တတ်ပြီး မိုးစော စိုက်ပါက စောစောခူးဆွတ်ရ၍ ဈေးကောင်းမီကြောင်း သိရသည်။

ကွမ်းစိုက်ချိန် နောက်ကျသောကြောင့် ကွမ်းတောင်သူများ နေ့စားလုပ်သားအခက်အခဲရှိသည်ဟု သိရသည်။

"ကွမ်းကလည်း တတ်တဲ့လူ၊ နားလည်တဲ့လူနဲ့ပဲ လုပ်ရတာ။ စိုက်ချိန်နောက်ကျတော့ အလုပ်ပြီးအောင် သူသူ ကိုယ်ကိုယ်အလုအယက် ရုန်းနေရတော့ သူခေါ် ငါခေါ်နဲ့ နေ့စားအလုပ်သမားတွေ ရှားသွားတာပေါ့"ဟု ဘုရားဖြူပိုင်းနေ ကွမ်းတောင်သူ ဦးမောင်ဌေးက ပြောသည်။

နေ့စားအလုပ်သမားများအနေဖြင့် ယမန်နှစ်က နေ့စား ၃၅၀၀/၄၀၀၀ ကျပ် ပေးရပြီး ယခုနှစ် နေ့စား တစ်နေ့လျှင် ၄၅၀၀/ ၅၀၀၀ ပေးရပြီး တချို့ ရ၀၀၀ ကျပ်ပေးရကာ ထမင်းတစ်နပ်နှင့် လက်ဖက်ရည် တိုက်ရကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးမှုနောက်ကျသည်ဟု ဆိုသော်လည်း လက်ရှိတွင် ကွမ်းစိုက်ပျိုးမှုမှာ ကွမ်းတောင်သူတို့က ကွမ်းစိုက်ပျိုးရန် မြေပေါက်၊ မြေလှန် မြေညှိပြီး ၃ ပေပတ်လည် စတုရန်းအကွက်ကျ ၁၃ပေရှိ ကွမ်းတိုင်များကို စိုက်နေခြင်းကို စတင် လုပ်ကိုင်နေကြသည်။ ကွမ်းတိုင်အဆင်သင့် မဖြစ်သေးသူများကတော့ ၃ပေ/၄ပေအရှည်ရှိ ဝါးခြမ်းများကို စိပ်ပြီး ကွမ်းပင်တက်ရန် ကူတိုင်အဖြစ် အကွက်ချ စိုက်ကြရသည်။ 

ကွမ်းစိုက်သည်ဆိုသည်မှာ ကွမ်းစိုက်ရန် အနက် ၁ ပေရှိတွင်းများကို တိုင်ရင်းတွင် ကပ်ပေါက်ပြီး မိုးလေမှန်သည့် အချိန်ကို စောင့်ဆိုင်းကြရသည်။ မိုးလေမှန်လာသောအခါ မိခင်ပင်မကွမ်းပင်မှ အနည်းဆုံး အရှည် ၃ပေရှိ ကွမ်းညွန့်များကိုချိုး၍ စိုက်ပျိုးကြရသည်။ စိုက်ပျိုးရာတွင် တစ်တိုင်လျှင် ကွမ်းညွန့် ၂ညွန့်ထည့်စိုက်ကြခြင်း ဖြစ်သူဟု တောင်သူများက ဆိုသည်။ 

ကွမ်းညွန့်အရင်းကို တွင်းထဲခွေ၍ အဖျားပိုင်းတစ်တောင်ခန့်ကို တိုင်တွင်ကပ်ပြီး တွင်းထဲခွေထည့်သည့် အရင်းပိုင်းကို မြေအုပ်ရုံ ဖို့ရသည်။ ယင်းနောက် နောက်ချေးထည့်ပြီး မြေဖို့ မြောင်းလုံးကြသည်။ နောက်ချေးထည့်ရာတွင် တစ်တိုင်လျှင် နောက်ချေး ၁ပြည်နှုန်းမှ ၅ပြည် ၈ပြည်အထိ ထည့်ကြသည်ဟု သိရသည်။

ကွမ်းတစ်တိုင်၏ ကုန်ကျစရိတ်မှာ ကျပ် ၁၀၀၀မှ ၁၅၀၀ အထိ ရှိသည်ဟု ဆိုကြသည်။ စနစ်တကျ မြေသြောဇာလုံလုံလောက်လောက် စိုက်ပျိုးသော ကွမ်းများမှာ တိုင် တစ်ထောင်လျှင် ကွမ်းပိဿာချိန် ၉၀၊ ၁၀၀မှ ၁၅၀၊ ၂၀၀ အထိ ထွက်သည်ဟု ကွမ်းတောင်သူများက ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly